
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ကို စစ်အာဏာရှင်တပ်က ဇူလိုင် ၁၉ ရက် ဒီနေ့ ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံးပြီး ရဟန်းတပါးအပါအဝင် ဒေသခံ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
မနက် ၁၁ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာတစင်းက ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အမှတ် ၂ ရပ်ကွက်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ မအီဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“လက်ရှိ သိရသလောက် ၅ ယောက်သေတယ်။ ၁၅ ယောက်ဒဏ်ရာရတယ်။ ရဟန်းသံဃာတွေလည်း ပါတယ်။ ဒဏ်ရာပြင်းတဲ့သူလည်းရှိတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူစစ်မျက်နှာပြင်မှာ အထိနာနေတဲ့အတွက် ရခိုင်ပြည်နေရာအနှံ့ကို အခုလို နေ့စဉ် တိုက်ခိုက်နေတာလို့ လူမှုရေးကူညီရေးလုပ်နေသူ ကျောက်ဖြူဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီစစ်ကောင်စီက အလကားနေရင်း ဒေသခံတွေကို လိုက်သတ်ဖြတ်နေတယ်။ ကျနော်တို့ ဒေသခံတွေ ကောင်းကောင်းနေရ စားရတာမရှိသေးဘူး”
လက်ရှိမှာတော့ ဒဏ်ရာရရှိသူတွေကို အရေးပေါ် ဆေးကုသမှုပေးနေပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့ကနေ စစ်ရှောင်လာသူ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ မမီဒေသခံ အသက် ၁၉ နှစ်အရွယ် မလပြည့်စံနဲ့ ကိုညီညီထွေး၊ ၃၅ နှစ်အရွယ် ဒေါ်မူမူဌေး၊ ၃၄ နှစ်အရွယ် ဦးညီညီဇော်တို့ သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာတော့ အရှင်ကောဝိဒနဲ့ အသက် ၁၀ နှစ်ကနေ ၆၆ နှစ်အထိ အရပ်သားပြည်သူ ၁၄ ယောက် ပါဝင်ပြီး အိမ်တချို့လည်း ပျက်စီးသွားပါတယ်။
ဂျက်တိုက်လေယာဉ်ဟာ မအီမြို့ကို မနက် ၁၁ နာရီခွဲ၊ ၁၁ နာရီ ၃၃ မိနစ်နဲ့ ၁၁ နာရီ ၃၈ မိနစ်မှာ စုစုပေါင်း ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဗုံးတွေဟာ မအီမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူစည်ကားတဲ့နေရာ ဖြစ်လို့ ထိခိုက်သေဆုံးသူလည်း များတာ ဖြစ်ပါတယ်။










