DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဟီတာချီ ထရန်စဖော်မာ ထုတ်မည်
DVB
·
June 26, 2015
မြန်မာနိုင်ငံတွင် ဟီတာချီ ထရန်စဖော်မာ ထုတ်မည်
Donate to DVB

ဂျပန်နိုင်ငံ ဟီတာချီကုမ္ပဏီဟာ မြန်မာ့စွမ်းအင် လိုအပ်ချက်အတွက် မြန်မာကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ထရန်စဖော်မာ ထုတ်လုပ်မှုလုပ်ငန်းတွေ လုပ်သွားဖို့ ရှိနေပါတယ်။

ဟီတာချီလက်အောက်ခံ ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ထရန်စဖော်မာ ထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ စိုးလျှပ်စစ်နဲ့ စက်မှုလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ လာမယ့်ဇူလိုင်လမှာ သဘောတူညီမှု ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကနဦး မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၄၅ မီလီယံ ကုန်ကျမှာဖြစ်ပြီး ဟီတာချီက မတည်ရင်းနှီးငွေရဲ့ ၅၁ ရာခိုင်နှုန်းကို ထည့်ဝင်မှာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလနောက်ပိုင်း ခုလို နိုင်ငံခြား ကုမ္ပဏီနဲ့ စွမ်းအင် အခြေခံအဆောက်အအုံလုပ်ငန်း ဖက်စပ်လုပ်ကိုင်တာဟာ အစိုးရအနေနဲ့ ပထမဆုံး ခွင့်ပြုလုပ်ကိုင်တဲ့ လုပ်ငန်းတခု ဖြစ်လာလိမ့်မယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei သတင်းဌာနက ပြောပါတယ်။

စိုးလျှပ်စစ်နဲ့ စက်မှုလုပ်ငန်းပိုင် ထရန်စဖော်မာစက်ရုံနှစ်ရုံဟာ ဟီတာချီနဲ့ ပူးပေါင်းလိုက်တဲ့ ဖက်စပ်စက်ရုံတွေ ဖြစ်လာမှာဖြစ်ပြီး ဟီတာချီကတော့ သူ့ရဲ့ကိုယ်ပိုင်နည်းပညာတွေ လွှဲပြောင်းသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နှစ်ဘက်လုပ်ငန်းရှင်တွေဟာ ဒီနှစ်မကုန်ခင်မှာဘဲ ထရန်စဖော်မာတွေကို အမြန်ဆုံး ထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဟီတာချီနည်းပညာသစ်နဲ့ ထုတ်လုပ်မယ့် ထရန်စဖော်မာတွေဟာ စွမ်းအင်လျော့ကျမှုကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်မယ့် ကဏ္ဍသစ်တခုအဖြစ် မိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။

စိုးလျှပ်စစ်နဲ့ စက်မှုလုပ်ငန်းဟာ မြန်မာနိုင်ငံ ထရန်စဖော်မာဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်း ရရှိထားတယ်လို့ ခန့်မှန်းထားပါတယ်။

သူ့ရဲ့စက်ရုံလုပ်ငန်းတွေ ပြန်လည်ပြင်ဆင်ပြီး လာမယ့်ငါးနှစ်အတွင်း ထုတ်လုပ်မှု နှစ်ဆတိုးတက်ဖို့နဲ့ သူ့ရဲ့ရှယ်ယာပမာဏ ၄၀ ရာခိုင်နှုန်းထိ တက်လာဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ၂ နှစ်အကြာမှာ အိမ်နီးချင်းတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို တင်ပို့နိုင်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

ဟီတာချီလုပ်ငန်းစုဟာ မြန်မာနိုင်ငံတွင်း လျှပ်စစ်ဓာတ်အား၊ သတင်းအချက်အလက်နဲ့ ရထားလမ်းတည်ဆောက်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး လာမယ့်ငါးနှစ်အတွင်း သူ့ရဲ့လုပ်ငန်းကနေ ပမာဏ ယန်း ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂ မီလီယံ) ထိ တိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု (ဂျီဒီပီ) ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးအဖြစ် ၈ ဒသမ ၃ ရာခိုင်နှုန်းထိ ရှိလာမယ်လို့ ဆိုပါတယ်။

စွမ်းအင်လိုအပ်ချက်ဟာလည်း အရှိန်အဟုန်နဲ့ နှစ်ဆလောက် မြင့်တက်လာနိုင်ပြီး ထရန်စဖော်မာ ၀ယ်လိုအားအနေနဲ့ ခန့်မှန်းခြေ နှစ်စဉ် ၁၇ ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ပါတယ်။

လက်ရှိဈေးကွက်မှာတော့ အကြမ်းဖျင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၆၀ မီလီယံလောက်ရှိနေပြီး ဒါဟာ ငါးနှစ်အတွင်း နှစ်ဆလောက် တက်လာမယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရ အုပ်ချုပ်မှုအတောအတွင်း တရုတ်ထုတ် ထရန်စဖော်မာတွေဟာ နိုင်ငံတွင်း စံတခုအနေနဲ့ ရှိနေပေမယ့် အရည်အသွေး ညံ့ဖျင်းမှုတွေကြောင့် နိုင်ငံ့လိုအပ်ချက်နဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ခုချိန်မှာတော့ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီးတဲ့ နောက်မှာတော့ ဂျီအီးနဲ့ ဂျာမန်အခြေစိုက် ဆီးမန်းစ်တို့လို လုပ်ငန်းကြီးတွေဟာ ဒီဈေးကွက်ထဲကို ၀င်လာနေပါပြီ။

ဟီတာချီကတော့ ပြည်တွင်းအဓိကကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဈေးကွက်ကြီးထွားလာစေဖို့နဲ့ ဦးဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013