DVB Logo
Home
မြန်မာသတင်း
လိင်အကြမ်းဖက်မှု အပါအ၀င် လူအခွင့်ရေးချိုးဖောက်မှု မြန်မာပြည်တွင် ဆက်ရှိနေ
DVB
·
June 26, 2015
လိင်အကြမ်းဖက်မှု အပါအ၀င် လူအခွင့်ရေးချိုးဖောက်မှု မြန်မာပြည်တွင် ဆက်ရှိနေ
Donate to DVB

မြန်မာနိုင်ငံတ၀န်း အထူးသဖြင့် ပဋိပက္ခ ဒေသတွေမှာ အဓမ္မကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ဆက်ရှိနေဆဲပဲလို့  အမေရိကန် နိုင်ငံခြားရေးဌာနက ဇွန်လ ၂၆ ရက် ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဓမ္မပြုကျင့်မှုဟာ မြန်မာနိုင်ငံမှာ တရားမ၀င်ပေမယ့် အစိုးရက ဥပဒေကို ထိထိရောက်ရောက် ကျင့်သုံးခြင်းမရှိတဲ့အကြောင်း၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်နဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ လုံခြုံရေးတာဝန်ရှိသူတွေက အဓမ္မပြုကျင့်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေအကြောင်းနဲ့ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အဓမ္မပြုကျင့်မှုပေါင်း ၁၈၀၀ ဖြစ်ပွားခဲ့တယ်လို့  လွှတ်တော်ကရတဲ့ အချက်အလက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒါ့အပြင် ခင်ပွန်းဖြစ်သူရဲ့ နှိပ်စက်စော်ကားမှု အပါအ၀င် အမျိုးသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှုတွေဟာလည်း မြန်မာနိုင်ငံမှာ စိုးရိမ်စရာ အခြေအနေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုနဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ ဖော်ပြရာမှာတော့ အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့် ၀န်ကြီး ၃၆ ယောက်ထဲမှာ အမျိုးသမီးဝန်ကြီး ၂ ဦးပဲ ရှိတယ်လို့ ထောက်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်အမတ်နေရာ ၄၄၀ ထဲမှာ အမျိုးသမီးအမတ် ၂၄ ဦး၊ အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာမှာ အမျိုးသမီးအမတ် ၄ ဦး၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်အမတ်နေရာ ၈၈၂ နေရာမှာ အမျိုးသမီးအမတ် ၂၆ ဦးပဲရှိပြီး နိုင်ငံတော်အဆင့်၊ ပြည်နယ်နဲ့တိုင်းအဆင့် နှစ်ခုစလုံးမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုဟာ ၄ ဒသမ ၇ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာစုဝေးခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားပေမယ့် သိသာထင်ရှားတဲ့ အကန့်အသတ်တွေ ရှိနေပြီး အစိုးရက နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားမှု မရှိဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးမှုတွေ၊ တရားဥပဒေစိုးမိုးမှု မရှိတာ၊ လုံလောက်တဲ့ လျော်ကြေးမပေးဘဲ မြေယာသိမ်းမှုတွေ ပျံ့နှံ့ ဖြစ်ပွားနေတာ၊ သတင်းသမားတွေကို ဖမ်းဆီးတာ၊ မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ချုပ်ချယ်တာနဲ့ ပဋိပက္ခဒေသမှာ အရပ်သားတွေကို အာဏာပိုင်တွေက အကာအကွယ်ပေးဖို့ ပျက်ကွက်တာတွေကို အစီရင်ခံစာမှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ဒ့ါအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ပြဿနာ ရှိနေတာဟာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ၊ ထောင်အခြေအနေ တိုးတက်လာတာ၊ ရေရှည်ခိုင်မာတဲ့ အပစ်ရပ်စဲရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတာ အပါအ၀င် ၂၀၁၁ ခုနှစ်ကတည်းက တိုးတက်နေတဲ့ အခြေအနေတခုလုံးကို  ဆန့်ကျင်ဘက်ဖြစ်စေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက ကမ္ဘာတ၀န်းနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေ အဆင့်အတန်းနဲ့ ပတ်သက်လို့ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိပြီး ဒီအစီရင်ခံစာကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကိုလည်း အစီရင်ခံတင်ပြတာ ဖြစ်ပါတယ်။

မြန်မာနဲ့ တရုတ် အပါအ၀င် ဝေဖန်ခံရတဲ့ နိုင်ငံတွေကတော့ ဒီအစီရင်ခံစာပါ အချက်တွေကို ပယ်ချကြောင်း အမြဲလိုလို  ပြန်လည်တုံြ့ပန်လေ့ ရှိကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013