DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရေကြည်တွင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးနှင့်မိခင် သေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
July 9, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ ဇီရိုးစမ်းကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သားအမိ ၂ ယောက် သေဆုံးခဲ့ပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၈ ရက်က ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ဇီရိုးစမ်းကျေးရွာကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က ပြောပါတယ်။ 

“လက်နက်ကြီးကျည် နှစ်ခါကျတာ။ ပထမတခါမှာ ကလေးနဲ့မိခင် သေဆုံးတာ။ ဒဏ်ရာရရှိသူတွေက ဒုတိယတခါကျတော့မှ ထိတာ။ ရွာထဲကို ကျတာ။ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ အားလုံးက အရပ်သားတွေပါ။” 

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးနဲ့ အသက် ၄၀ ကျော်အရွယ် မိခင် မခင်ဌေးဆိုသူဖြစ်ပြီး နောက်ထပ် အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၄၀ နဲ့ ၅၀ ကျော်အရွယ် အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “ဇီရိုးစမ်းရွာဘက်ကို AA နဲ့ PDF တွေ ရောက်နေပြီဆိုပြီး စစ်တပ်က လက်နက်ကြီးတွေ တောက်လျှာက်ပစ်နေတာ။ တဖက်မှာတိုက်ပွဲရှိတယ်။ ဒီဘက်ကလောလောဆယ် တိုက်ပွဲမရှိဘူး။ လာရှောင်နေတဲ့ အရပ်သားစစ်ရှောင်တွေ ရှိတယ်၊ လက်နက်ကြီးထိတာဖြစ်တယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွေပါ ပျက်စီခဲ့ပြီး ဇူလိုင် ၉ ရက် မနက်အစောပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောအနေနဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအခြေစိုက် အမြောက်တပ် (အမတ) ၃၄၄ ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ခုခံနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ ရေကြည်မြို့နယ်အတွင်းက စစ်အာဏာရှင်တပ်စခန်းတွေဖြစ်တဲ့ ပွိုင့် ၂၈၈ ကုန်းကို ဇွန် ၁၇ ရက်မှာ သိမ်းပိုက်ပြီး ပွိင့် ၁၈၈ ကုန်းကို ဇွန် ၁၉ ရက်၊ ပွိင့် ၁၄၈ ကုန်းကို ဇွန် ၂၁ ရက်နဲ့ ပွိုင့် ၂၇၇ ကုန်းရဲ့ ကာကင်းစခန်းနှစ်ခုကို ဇူလိုင် ၂ ရက်နဲ့ ၃ ရက်တို့မှာ ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပွိုင့် ၂၇၇ စခန်းကုန်းက ထွက်ပြေးနေတဲ့ စစ်အာဏာရှင် တပ်သားတွေကို လိုက်လံရှင်းလင်းနေတာကြောင့် ဇူလိုင် ၄ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၇ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် လက်ရှိမှာ စစ်အာဏာရှင်တပ်သားတွေဟာ ငါးသိုင်းချောင်းမြို့အနီးရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တိုးမြှင့်ထားသလို အမြောက်တပ်ဝန်းကျင် ရခိုင်ရိုးမနဲ့ ဆက်စပ်တဲ့ နေရာတွေမှာလည်း အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013