DVB Logo
Home
နိုင်ငံရေး
ခရစ်ယာန်လက်ဝါးကပ်တိုင်ဖြုတ်ချမှု ဒေသခံများ သဘောမတူ
DVB
·
April 19, 2011
Donate to DVB

ရေကာတာ ဆောက်လုပ်ရေးကုမ္ပဏီက ကချင်ပြည်နယ် မြစ်ဆုံဒေသက ခရစ်ယာန်လက်ဝါးကပ်တိုင်ကို ဖြုတ်ခိုင်းခဲ့တဲ့အတွက် ပြည်သူတွေက မကျေမနပ်ဖြစ်ပြီးတဲ့နောက် အစီအစဉ်ကို ရပ်ဆိုင်းထားပါတယ်။

တန်ဖရဲရွာက ဒေသခံတွေ ကိုးကွယ်ဝတ်ပြုတဲ့ နှစ်ချင်းခရစ်ယာန် လက်ဝါးကပ်တိုင်နဲ့   ရိုမန်ကက်သလစ် လက်ဝါးကပ်တိုင် ၂ ခုဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၇ မိုင် အကွာမှာရှိပြီး ရေကာတာဆောက်မယ့် ဧရိယာထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

အဲဒါကို ရွှေ့ ပြောင်းပေးဖို့အတွက် ဒေသခံ အာဏာပိုင်နဲ့ တရုတ်အစိုးရကုမ္ပဏီ ၂ ခု ဖြစ်တဲ့ အေးရှားဝေါလ်နဲ့ စီပီအိုင်ကုမ္ပဏီက ကချင်ဘာသာရေးခေါင်းဆောင်တွေကို ဧပြီလ ၈ ရက်နဲ့ ၁၂ ရက်တွေတုန်းက အေရှားဝေါလ်ကုမ္ပဏီရုံးခန်းမှာ ခေါ်ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  သင်းအုပ်ဆရာတွေကို ကြိုးစားဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒီအကြောင်းကို ကချင်သင်းအုပ်ဆရာတွေနဲ့ စကားပြောခွင့်ရထားတဲ့ ကချင်သတင်းဌာနက ကိုနော်ဒင်းက အခုလို ပြောပါတယ်။

“ဒီလိုမျိုး သဘောတူထားတဲ့ ကိစ္စကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီ၂ ခုရဲ့ အရာရှိများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကချင်ပြည်နယ်မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်ကိုလည်း သူတို့က ပြောပြတယ်။ တိုင်းမှူးကတော့ ဒေသခံတွေ သဘောမတူရင်တော့ သူတို့နဲ့ ညိကြပါ။ ထူးထူးခြားခြားပဲ အဲလိုပြောတယ်။ ပြီးခဲ့တဲ့အပတ်မှာပဲ အဲလိုဖြစ်ခဲ့တယ်လို့ သိရတယ်။ စောစောပိုင်းကတော့ စစ်တပ်က အရာရှိတွေ ကိုယ်တိုင် ကုမ္ပဏီဘက်ကို ရပ်တည်ပြီးတော့မှ အခုကျတော့ အာဏာပိုင်တွေဘက်က ထူးခြားမှုကို ပြသတာဖြစ်တယ်။ ဒီအတွက်လည်း ဒေသခံ အသင်းတော် ၂ ခုက ခေါင်းဆောင်တွေလည်း တိုင်းမှူးရဲ့ ပြောဆိုချက်တွေကို အားရနေတယ်။”

ဒါပေမယ့် ဒေသခံတွေက သူတို့ အထွတ်အမြတ်ထားရာ ဘာသာရေး မှတ်တိုင်ဖြစ်တဲ့အတွက် သဘောမတူတဲ့အကြောင်း သင်းအုပ်ဆရာတွေကနေတဆင့် ပြန်ပြောခဲ့ ပါတယ်။

တရုတ်ကုမ္ပဏီဟာ အဲဒီဒေသမှာ ရေကာတာလာဆောက်တာကို အကြောင်းပြုပြီး အနီးပတ်ဝန်းကျင်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းပါလုပ်နေတယ်။ လက်ဝါးကပ်တိုင်တည်ရှိတဲ့ တောင်ကုန်းတွေမှာပါ သတ္တုတူးဖော်ရေးလုပ်ချင်တဲ့အတွက် အခုလိုဖယ်ခိုင်းတာလို့ ကိုနော်ဒင်းက ဆက်ပြောပါတယ်။

ကချင်ပြည်က ရေအားလျှပ်စစ်တွေကို တရုတ်နိုင်ငံကို တင်ပို့ ရောင်းချဖို့ အတွက်  မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီသဘောတူပြီး ရေကာတာတည်ဆောက်နေတာမှာ ၂ဝ၁ဝ ခု မေလကစပြီး ရွာပေါင်း ၄၇ ရွာက ထောင်နဲ့ချီတဲ့ ဌာနေတိုင်းရင်းသားတွေ အစိုးရဆောက်ပေးတဲ့ စီမံကိန်းရွာကိုလည်း ရွှေ့ ပြောင်းပေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013