DVB Logo
Home
Lead Story
ဦးစံဖေ (ဆောင်းပါး)
DVB
·
June 27, 2015
ဦးစံဖေ (ဆောင်းပါး)
1 / 2
Donate to DVB

“နာမည်လေးက မစီမာ

စားကြည့်မှ အရသာ ရှိတယ်

အာခံတွင်း ရှင်းတယ်

ဆီးမဆလာ၊ ဆီးမလိုင်၊ ဆီးငံပြား၊ မရမ်းချို ၊ သရက်ချို ၊ ဆီးပေါင်း

ကြုံတုန်း ၀ယ်ထား၊ ရောက်တုန်း ၀ယ်ထား၊ ရတုန်း ၀ယ်ထား”

ဒီအသံဟာ မန္တလေးမြို့ ဈေးတနေရာမှာ အသက် ၇၀ အရွယ် ဦးစံဖေ အထမ်းလေးနဲ့ မစီမာအချဉ်ပေါင်း လှည့်လည်ရောင်းနေတဲ့ အသံပါ။ ဦးစံဖေရဲ့အသံ အဆုံးမှာတော့ လူတချို့က တိုးဝှေ့ပြီး အချဉ်ပေါင်း ၀ယ်နေကြတာ ဦးစံဖေတယောက် လက်မလည်။

ဦးစံဖေက မန္တလေးမြို့မှာ နှစ်ပေါင်း ၄၀ ကျော်တိုင် လက်ရှိအချိန်ထိ အောင်မြင်မှု ရရှိနေတဲ့ မစီမာ အချဉ်ပေါင်းရဲ့ တဦးတည်းသော အရောင်းကိုယ်စားလှယ်တော်ကြီးပါ။

11657454_10204475198902599_649161973_nအချဉ်ပေါင်းတထုပ် ၅ ပြားခေတ်ကနေ ယခု ၅၀ ကျပ်ထိ မန္တလေးမြို့မှာ အထမ်းနဲ့လှည့်ပြီး မစီမာအချဉ်ပေါင်းကို တဆင့်ပြန်ရောင်းတဲ့ ဦးစံဖေ။ အချိန်တွေ တရွေ့ရွေ့ပြောင်းလဲ အသက်အရွယ် တဖြည်းဖြည်း ပြောင်းလဲလာပေမယ့် ဦးစံဖေကတော့ အသက် ၄၀ ကျော်ကနေ ယခုအသက်အရွယ် အသက် ၇၀ ထိ အထမ်းလေးထမ်းပြီး ပျော်ပျော်ကြီး အချဉ်ပေါင်းရောင်းနေတာပါ။ ရောင်းသက်ကတော့ နှစ် ၃၀ ကျော်ရှိနေပါပြီ။

“ပထမက သစ်စက်မှာလုပ်တာ။ လုပ်ရင်း၊ ဈေးရောင်းရင်း အဲဒီကနေ စဖြစ်သွားတာ။ စားတဲ့သူက မစီမာမှ ကြိုက်တာ။ ပထမဦးဆုံးက ပြည်ကျော်ဈေးအနောက်ဘက်က စိန်ပန်းခိုင် (အချဉ်ပေါင်း)၊ စိန်ပန်းခိုင်က မရှိတော့ မစီမာ နာမည်ကြီးသွားတာပဲ။ မစီမာ အသည်းစွဲသွားကြတာပဲ။” လို့ ဦးစံဖေက ပြောတယ်။

ဦးစံဖေက မုဆိုးဖို၊ လက်ရှိမှာ တကိုယ်တည်းသမား။ ဦးစံဖေထက် အသက် ၅ နှစ်ကြီးတဲ့ ဦးစံဖေရဲ့ အိမ်သူသက်ထားက လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လေးဘက်နာရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ ဦးစံဖေတို့ လင်မယားဟာ သား၊ သမီး ၂ ယောက် ထွန်းကားခဲ့ပေမယ့်လည်း ကလေးနှစ်ယောက်လုံး ၄ လသားအရွယ်မှာပဲ ဆုံးပါးခဲ့ပြန်တယ်။

မွေးချင်း ညီမတယောက် ရှိပေမယ့် ညီမက တမြို့တရွာမှာ နေထိုင်တယ်။ ဦးစံဖေကတော့ မန္တလေးမှာပဲ အိမ်ငှားနေပြီး တယောက်တည်း ဘ၀ကို ရုန်းကန်ဖြတ်သန်းနေတယ်။

“နှမက ပခုက္ကူမှာ နေတယ်။ သားသမီးနှစ်ယောက်လုံးက ၈၈ အရေးအခင်း မဖြစ်ခင်ကတည်းက ဆုံးသွားတယ်။ မိန်းမဆုံးတာလည်း ၁၀ နှစ်တောင် ရှိသွားပြီထင်တယ်။ တယောက်တည်းပဲ။ အိမ်ငှားနဲ့ သင်ပန်းကုန်းမြို့သစ်မှာ နေတယ်။” လို့ ဦးစံဖေက ပြောတယ်။

ဦးစံဖေက အချဉ်ပေါင်းရောင်းတာ ၁ ပတ်မှာ ဥပုသ်နေ့ ၁ ရက်ပဲနားပြီး ကျန်တဲ့ရက်တွေမှာ မန္တလေးမြို့က ဈေးအနှံ့ကို ၁ ရက် ၁ ဈေး လှည့်လည်ရောင်းတယ်။ တနေရာတည်းကို နေ့တိုင်းရောင်းနေရင် မစီမာ အချဉ်ပေါင်းကို ရိုးသွား၊ မုန်းသွားမှာ စိုးရိမ်တယ်လို့ ဆိုတယ်။ သူက တခါတလေ စစ်ကိုင်းမြို့မဈေးအထိ ရောက်တယ်။ ဦးစံဖေ ဈေးတွေကိုရောက်လို့ မစီမာအချဉ်ပေါင်းကို ၂ ကြိမ်လောက် အော်ပြီး ကြော်ငြာလိုက်တာနဲ့ ဖောက်သည်တွေ တန်းစီရောက်လာတယ်။

“နေရာက အမျိုးမျိုး လှည့်နေတာ၊ ဘုရားကြီးဈေး၊ စစ်ကိုင်းမြို့မဈေး၊ သိမ်ကြီးဈေး၊ လမ်း ၈၀၊ သရဲဈေးတို့၊ ညောင်ပင်ဈေးတို့ ၀င်္ကပါလှည့်နေတာ။ ဈေးချိုတို့၊ ပိုက်ကျူံး၊ စိန်ပန်း၊ မဟာမြိုင်ဈေး၊ နန်းရှေ့ဈေး။ နေရာက အမှန်မရှိဘူး။ ဟိုပြေးလိုက်၊ ဒီပြေးလိုက်၊ ဒီနေရာ ခဏခဏ သွားရောင်းရင် စားတဲ့သူက မုန်းသွားလိမ့်မယ်။ အဲဒါကြောင့် အမြဲလှည့်ပတ်ရောင်းရတာ အနည်းဆုံး ၄ ရက်ခြား၊ ၅ ရက်ခြား ရောင်းမှ။ ဒီနေ့တခေါက်၊ မနက်ဖြန်တခေါက် သွားရင် စားမယ့်သူက အစားနည်းသွားနိုင်တယ်။” လို့ ဦးစံဖေက ပြောတယ်။

ဦးစံဖေတယောက် မစီမာ အချဉ်ပေါင်းထုပ်တွေ ထည့်ထားတဲ့ လက်ဆွဲခြင်း ၂ ခြင်းကို ထမ်းပိုးနဲ့ ပခုံးပေါ်မှာ နေ့စဉ်ထမ်းပြီး သယ်ရတဲ့ အလေးချိန်ကလည်း မသေးပါဘူး။ ခြင်းတဘက်မှာ အချဉ်ပေါင်းထုပ်ရေ ၅၀၀ ကျော်ကိုထည့်ပြီး ခြင်း၂ ခြင်း၊ အချဉ်ပေါင်း အထုပ်ရေ ၁၀၀၀ ကျော်ကို နေ့စဉ်ထမ်းပိုး လှည့်လည်ရောင်းရတာ သက်သာလှတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဦးစံဖေကတော့ ဒီအလုပ်ကို လုပ်ရတာ ပျော်တယ်လို့ ဆိုတယ်။

“မရမ်းပြားက ၀ိတ်ပေါ့တယ်။ ဆီးပေါင်းတွေက ၀ိတ်ပါတယ်။ နားရင်တော့ ဒဏ်ပေါ်ရင်ပေါ်မှာပဲ။ အခုတော့ ဒဏ်က မပေါ်သေးဘူး။ ဘယ်ဘက်က ထမ်းတာများတယ်။ ညာဘက်က ထမ်းတာနည်းတယ်။” လို့ ဦးစံဖေ ပြောတယ်။

ဦးစံဖေ ခန္ဓာကိုယ်ပေါ်မှာ ထူးထူးခြားခြား သတိထားမိတာက ပခုံးကျော်ကျော်လောက် အရှည်ရှိပြီး ကြာဇံတွေလို ဖြူစွတ်နေတဲ့ ဆံပင်တွေပါ။ အဲဒီလို ဆံပင်ရှည်ထားရတဲ့ အကြောင်းအရင်းကလည်း အခု အချဉ်ပေါင်းရောင်းတာနဲ့ ဆက်စပ်မှုရှိနေတယ်။ အဲဒီအကြောင်းကို သိသွားရင် သင်ပြုံးမိသွားပါလိမ့်မယ်။

“အကိုကြီးတို့၊ အဘတို့ ဘယ်သူမှ မခေါ်ကြဘူး။ အဘကိုတွေ့ရင် မစီမာလို့ပဲ ခေါ်ကြတယ်။ မစီမာလို့ ခေါ်တာနဲ့ လိုက်အောင် ဆံပင်အရှည် ထားလိုက်တာ။ ဒါတောင် တခါကိုက်ပြီးပြီ။ အခု အဲလိုပြောရတာတောင် ရှက်လာပြီ။ အသက်ကြီးမှန်းတော့ သိတယ်လေ။ အချဉ်ပေါင်းရောင်းတာ မနားသေးတော့ ဆံပင်မကိုက်ဘူးလေ။ အခုကတော့ မစီမာလာပြီ။ ဆံရှည်လာပြီလို့ခေါ်ကြတာ၊ နာမည်အရင်း မသိကြဘူး။”

“ဈေးရောင်းနားပြီ ဆိုရင်တော့ အရင်ပုံအတိုင်းပဲ ညွှန့်ဝင်းဆံပင်ကေလေးပဲ ပြန်ထားတော့မယ်” လို့ ဦးစံဖေက သူ့ဆံပင်ရှည်ကိုကိုင်ပြီး ဟက်ဟက်ပက်ပက် ရယ်ပြီးပြောတယ်။

ဦးစံဖေရဲ့ တနေ့တာ ဖြတ်သန်းမှုပုံစံက ရိုးရှင်းတယ်။ မနက် ၆ နာရီဝန်းကျင် အိပ်ယာက ထပြီး လ္ဘက်ရည်ဆိုင် ထိုင်တယ်။ ပြီးရင် အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ အဖွားမစီမာတို့အိမ်မှာ သူတနေ့တာရောင်းမယ့် အချဉ်ပေါင်းထုပ်တွေ သွားယူတယ်။ အဲဒီအိမ်ကတဆင့် သူရောင်းရမယ့် ဈေးကိုသွားတယ်။ သူ့အချဉ်ပေါင်းရောင်းတဲ့အချိန် သတ်မှတ်ထားတယ်။ ဘယ်လောက်ရောင်းရ ရောင်းရ သူသတ်မှတ်ထားတဲ့ အချိန်ရောက်ရင် လောဘသတ်ပြီး အိမ်ပြန်တယ်။

“အချိန်ပြည့်ပြီဆိုရင် ပြန်တာပဲ။ အချိန်က နေ့လည် ၁၂ နာရီခွဲ ၁ နာရီ၊ ဈေးရောင်းပြန်သွားရင် ဘာမှ မလုပ်တော့ဘူး။ တင်ပလ္လင်ချိတ်ပြီး အိမ်မှာ ဇိမ်နဲ့နား။ ကျနော့်အတွက်က ဒါပဲ။” လို့ ဦးစံဖေက ပြောတယ်။

သူက စာသားအမျိုးမျိုးနဲ့ စားချင်လာအောင် ကြော်ငြာပြီး ရောင်းတတ်တဲ့အတွက် သူ့ကို အခြားအချဉ်ပေါင်းတံဆိပ်အချို့နဲ့ လျက်ဆားတို့ ရောင်းပေးဖို့ ကမ်းလှမ်းလာတာမျိုး ရှိပေမယ့်လည်း မစီမာ အချဉ်ပေါင်းနဲ့ အဖွားမစီမာတို့ မိသားစုပေါ်မှာ သံယောဇဉ်ရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တယ်။

“တခြားတံဆိပ်တွေကလည်း ရောင်းခိုင်းတယ်။ ကျနော်က ပြောတတ်ဆိုတတ်တာကိုး။ အဲလို ခိုင်းတဲ့သူရှိတယ်။ ကျနော် မစီမာကို ခွဲလို့မရဘူး၊ ကျနော်က သံယောဇဉ်တွယ်နေတော့ မိသားစုလို ဖြစ်သွားတာပေါ့။ မစီမာအချဉ်ပေါင်းက သန့်ရှင်းတယ်၊ ဆိုးဆေးမပါဘူး၊ သဘာဝအသီးကို ဒီအတိုင်းလုပ်ထားတာ။ ပြောရင် ကြွားရာကျမှာကြောင့်မို့။ အသန့်ရှင်းဆုံးပဲ။ စားတဲ့သူလည်းသိတယ်။ ကျနော်တယောက်ပဲ အာမခံယူ ရောင်းရတာ။” လို့ မစီမာအချဉ်ပေါင်း ရောင်းနေရတာကို ဂုဏ်ယူစွာနဲ့ ပြောတယ်။

ဦးစံဖေက မစီမာအချဉ်ပေါင်းကို ကော်မရှင်နဲ့ ယူရောင်းတာဖြစ်ပြီး သူ့အတွက် တနေ့ကို စားပြီးသောက်ပြီး ကျပ် ၂၀၀၀ လောက်ကျန်တယ်လို့ ဆိုတယ်။ သူ့အတွက် ငွေလိုအပ်တာပဲ ဖြစ်ဖြစ်၊ တစုံတရာ အခက်အခဲရှိတာပဲဖြစ်ဖြစ် အဖွားမစီမာတို့က ကူညီစောင့်ရှောက်ပေးလို့ အခက်အခဲ မရှိပေမယ့်လည်း တခါတလေ ကျန်းမာရေး မကောင်းတဲ့အခါ အနီးကပ် ပြုစုပေးမယ့် အခက်အခဲတွေကို အတူမျှဝေ ခံစားပေးမယ့် မိသားစုဝင်တွေကို တောင့်တမိတယ်လို့ ဆိုတယ်။

“သားသမီးတွေရှိရင် ဒီအချိန် မြေးတွေ၊ မြစ်တွေတောင်ရပြီ။ သားသမီးတွေရှိရင်တော့ အားကိုးရမှာပေါ့။ အခုတော့ ဘယ်သူမှမရှိဘူး။ တယောက်တည်းနေရတာ။ နေမကောင်းတဲ့အခါ သတိရတာပေါ့။ ဒီလိုပဲ ကိုယ့်ဘာသာကိုယ် ကြိတ်မှိတ်နေရတယ်။” လို့ပြောရင်း အဘဦးစံဖေ မျက်ဝန်းထဲမှာ မျက်ရည်တွေ။ မြို့နေရာအနှံ့မှာ အချဉ်ပေါင်း လည်ရောင်းနေတဲ့ အဘဦးစံဖေကို မန္တလေးမြို့ခံအများစုက သိကြတယ်။ တချို့က လမ်းသွားရင်းတွေ့ရင် အဘကို ငွေလှူဒါန်းသွားတာမျိုးတွေလည်း ရှိတယ်။

“တချို့က ကျနော့်ကို လမ်းမှာတွေ့ရင် ခင်လို့လား၊ သနားလို့လား မသိဘူး ၁၀၀၀၊ ၅၀၀၀၊ ၃၀၀၀ ပေးပေးသွားတယ်။ ဆေးဖိုး ပေးလိုပေး၊ ကျနော်လည်း မသိဘူး။ ပေးတာ ယူလိုက်တာပဲ။ ပြန်ဆုတောင်းပေးတယ်။ သာဓုသာဓု အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အဲလိုဆုတောင်းလိုက်ပေးလိုက်တယ်။” လို့ ပြောပြနေတဲ့ ဦးစံဖေရဲ့ အသံတွေက တုန်နေတယ်။

ဦးစံဖေက ပင်ကိုယ်က အရှက်အကြောက်ကြီးပုံရတယ်။ သူ့အကြောင်းတွေ ပြောပြတဲ့အချိန်မှာ ရှက်လိုက်တာလို့ ပြောတာက ၁၀ ကြိမ်ထက် မနည်းဘူး။ ဒါနဲ့ အချဉ်ပေါင်း ရောင်းရင်ရော အော်ရောင်းရတာ မရှက်ဘူးလား အဘလို့ မေးတဲ့အခါမှာတော့ “မရှက်မကြောက်ဆိုတာ အဲ့ဒါပဲ။ ရှက်ကြောက်ရင် ပြန်တော့။ ဒီအတိုင်းပြန်၊ ဘယ်သူမှ ကျွေးမှာ မဟုတ်ဘူး။ အဓိက အပြောလည်း လိုတယ်။ ပါးစပ်က မဆော့ရင် မရဘူး။ ကျနော် အဲလိုပြောမှ စားရတာ။ ရယ်စရာရှိ ရယ် ပြောစရာရှိ ပြော အဲလိုလုပ်ရတာပဲ။ ပျော်ပျော်နေတတ်တယ်။ သူများ မဟုတ်တာ မပြောတတ်ဘူး။ မှန်တာ ပြောတယ်။ မှန်တာ လုပ်တယ်။ ကျနော်အမှားဖြစ်ရင် ကျနော် နောက်ပြန်ဆုတ်လိုက်တာပဲ။” လို့ ဦးစံဖေကပြောတယ်။

ဦးစံဖေရဲ့ ညာဘက်နားက ငယ်စဉ်ကတည်းက အကြားအာရုံ မကောင်းဘူး။ မျက်စိတွေလည်း လက်ရှိမှာ မှုန်ဝါးလာနေပေမယ့် ဦးစံဖေက ဒီအလုပ်ကို နားဖို့ကို အခုချိန်ထိ စိတ်ကူးမရှိသေးပါဘူး။ သူလုပ်နိုင်တဲ့အချိန်ထိ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမယ်လို့ ဆိုတယ်။

“ကျနော် ကျန်းမာရေးကောင်းပြီး သွားလာလှုပ်ရှားနေလို့၊ တချို့က အံ့သြနေကြတာ၊ အခုလို လုပ်နိုင်တာကိုပေါ့။ အခုက မျက်စိက ၀ါးနေပြီဆိုတော့ အခြေအနေက ကြည့်နေရသေးတယ်။ ဘယ်သွားသွား ဘယ်လာလာ သွားလို့တော့ ရသေးတယ်။ ဘယ်နေ့နားမယ် သတ်မှတ်ထားတာ မရှိသေးဘူး။ အခုတော့ မနားသေးဘူး။” လို့ ဦးစံဖေကပြောတယ်။

ဦးစံဖေလက်မှာ ပတ်ထားတဲ့နာရီကို တချက်ကြည့်လိုက်တယ်။ အချိန်က နေ့လယ် ၁၂ နာရီခွဲ။ အချဉ်ပေါင်းရောင်းပြီး အပြန်မှာ ၀င်နေကျ အဖွားမစီမာအိမ်ကိုဝင် ခရီးတထောက်နားရင်း အဖွားမစီမာ တိုက်တဲ့ ရေနွေးကြမ်းနဲ့ ငှက်ပျောသီးကို စားအပြီး သူနားနေရာ ကြိုသူမရှိတဲ့ အိမ်လေးဆီသို့ တရွေ့ရွေ့ထွက်ခွာရင်း…..။

သက်စုအောင်

(၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှ ကူးယူဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013