DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်ရေး ရှုံးနိမ့်ခဲ့မှုအပေါ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်အချို့၏အမြင်များ
DVB
·
June 25, 2015
ဖွဲ့စည်းပုံပြင်ရေး ရှုံးနိမ့်ခဲ့မှုအပေါ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်အချို့၏အမြင်များ
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအ၀င် အရေးပါတဲ့ပုဒ်မတွေ ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက် မရဘဲ ရှုံးနိမ့်သွားပါတယ်။ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်မှာ မဲခွဲရှုံးနိမ့်သွားတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထားတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမော်လင်း (ပြည်သူ့အရေးဂျာနယ်၊ အယ်ဒီတာချုပ်)

“ပုဒ်မ ၄၃၆ ပြင်ဖို့ဆိုတာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒလို့ ကျနော်မြင်တာပါ။ ပြီးခဲ့တုန်းက ၄၃၆ ပြင်ဖို့ လက်မှတ် ၅ သန်းလောက် ထိုးတယ်။ တကယ်လို့ မကျေနပ်လို့ လူထုဆန္ဒခံယူမယ်ဆိုရင်လည်း ကျနော်ယုံကြည်တယ် အခုမဲပုံးထောင်လိုက် ပြင်ချင်လား၊ မပြင်ချင်ဘူးလားဆိုရင် ပြင်ချင်တဲ့ သူတွေက အများစုကပေါ့။ ပြည်သူလူထုရဲ့ သဘောဆန္ဒအစစ်အမှန်ကတော့ ၄၃၆ ကိုပြင်ချင်တယ်။ ဒါပေမယ့် လွှတ်တော်က မပြင်ဘူးလို့ ဆုံးဖြတ်ရင်တော့ လွှတ်တော်က ပြည်သူလူထုရဲ့သဘောဆန္ဒကို ကိုယ်စားမပြုဘူး ဖြစ်နေတာပေါ့။ ပြည်သူ့သဘော ပြည်သူ့ဆန္ဒကို မထင်ဟပ်တဲ့ လွှတ်တော်ကြီးဆိုတာ ပိုထင်ရှားသွားတာပေါ့။ ပြည်သူလူထုအနေနဲ့ ပြုပြင်ပြောင်းလဲချင်တာပေါ့။ တကယ်တမ်း ပြုပြင်ပြောင်းလဲမယ်၊ ဒီမိုကရေစီသွားနေပါတယ်ဆိုတာတွေ အကုန်လုံးက အစစ်အမှန် မဟုတ်သေးဘူးဆိုတဲ့ တကယ့်အမှန်တရားကို လူထုက ကောင်းကောင်းကြီး သိလိုက်တာပေါ။”

ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး)

“နံပါတ် (၁) တိုင်းရင်းသားတယောက် အနေနဲ့ကတော့ ဒီလိုမျိုးဖွဲ့စည်းပုံအခြေခံဥပေဒကို လွှတ်တော်ထဲမှာ ပြင်လို့မရဘူးဆိုတာ ကျမတို့က ထင်မြင်ယူဆချက်ရှိပြီးသားပါ။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံကို တကယ်တမ်းပြင်မယ်ဆိုလို့ရှိရင်တော့ လွှတ်တော်ပြင်ပမှာဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲထဲမှာမှ အကြီးအကျယ် ပြန်ဆွေးနွေးရမယ်လို့ မျှော်လင့်တယ်ပေါ့။ ဒီနေ့မှာ အကယ်ရွေ့များ အတည်ပြုပေးလိုက်တယ်၊ အကုန်လုံးထောက်ခံလိုက်တယ်ဆိုရင်တောင်မှ တကယ်တမ်း ဒီ ၄၃၆ က ၇၀ ရာခိုင်နှုန်းဆိုတာ အတိုက်အခံနဲ့ ပြည်သူလူထုက တောင်းဆိုတဲ့ ၃၀ ရာခိုင်နှုန်းဘက်ကို မဟုတ်ဘူး။ အဲတော့ ၇၀ နဲ့ ၇၅ ရာခိုင်နှုန်းက ဘယ်လောက်မှ မကွာဘူး။ ပြီးလို့ရှိရင် သူတို့ ရေးထားတဲ့ဟာကို သူတို့ကိုယ်တိုင်ပဲ လက်ရှိ အာဏာရပါတီကပဲ ပြန်ပြီးမှ ၇၀ ရာခိုင်နှုန်းဆိုတာ ရဖို့ တော်တော်လေးခဲယဉ်းသေးတဲ့ အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုမှ အဆင်မပြေဘူး။ အကယ်ရွေ့များ မထောက်ခံဘူးဆိုလို့ရှိရင်လည်း ၂၀၀၈ အခြေခံဥပဒေကို ကြိုက်လို့ဆိုတာပဲ ဖြစ်မယ်။ ထောက်ခံတယ်ဆိုရင်လည်း ၇၀ ရာခိုင်နှုန်းဆိုတာ အလုပ်မဖြစ်ဘူးပေါ့။ အဲတော့ ဘာမှ မထူးခြားဘူး။”

ဦးအေးကျော် (လွှတ်တော်စောင့်ကြည့်ရေး ရှေ့ဆောင်မြန်မာအဖွဲ့ ခေါင်းဆောင်)

“တနေ့ လွှတ်တော်ထဲ ဒီလိုမျိုး မဲခွဲဆုံးဖြတ်မယ်ဆိုရင် ရှုံးနိုင်တယ်ဆိုတာ မျှော်လင့်ထားခဲ့တယ်ဗျ။ ပြောစရာတခုရှိတာက ပြီးခဲ့တဲ့နှစ်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ခံယူတယ်။ အဲ့ဒီမှာ လူဦးရေ ၅ သန်းလောက်က ပြင်ပေးပါဆိုပြီးတော့ လက်မှတ်ထိုး တောင်းဆိုခဲ့တာ ရှိတယ်။ ကျနော်တို့ တိုင်းပြည်လူဦးရေနဲ့ ကြည့်ရင် တိုင်းပြည်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့နော်။ ဘာပဲ ပြောပြော အတိုင်းအတာ တခုအထိတော့ ကိုယ်စားပြုတာ။ အဲ့ဒီတော့ ဒီကိုယ်စားပြုတဲ့ ပြည်သူတွေရဲ့ အသံပေါ့။ ပြည်သူတွေရဲ့ဆန္ဒကို လွှတ်တော်က အကောင်အထည် မဖော်ပေးနိုင်ဘူးလို့ပဲ မှတ်ချက်ပေးရမှာပေါ့။”

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင်)
“ကျနော်တို့ ပါတီက ၂၀၁၃ က အခြေခံဥပဒေပြင်ဆင်ချက်ရှိထားတဲ့တိုင်းပဲ ရပ်တည်သွားတာပါ။ ဒါပေမယ့် အချို့အပိုင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သူတို့သဘောဆန္ဒပါတဲ့ ဟာတွေလည်း ရှိပါတယ်။ ဒီမိုကရက်တစ် ဖွဲ့စည်းပုံဖြစ်ဖို့ဆိုတာကတော့ အာလုံးလိုလားကြတဲ့ ကိစ္စကြီးပါပဲ။ ဒီကိစ္စမှာတော့ ရနိုင်သွားခြင်း မရှိဘူးပေါ့ဗျာ။ ကျနော်တို့လည်း မတက်နိုင်ဘူးပေါ့။ လွှတ်တော်ထဲမှ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကနေပြီးတော့ သူတို့ ဆုံးဖြတ် သုံးသပ်သွားကြတာကိုး။ အထူးတော့ အပြစ်တင်ခြင်း ထောက်ခံခြင်း ပြုစရာအကြောင်း မရှိပါဘူး။ လွှတ်တော်ထဲကပဲ ဒီထက်ပိုပြီးကောင်းမွန်တဲ့ အနေအထားဖြစ်အောင် လုပ်နိုင်ကြမယ်ဆိုရင်တော့ အားလုံးညီညွတ်တဲ့ သဘောထားတခုရအောင် ဖန်တီးနိုင်မယ်ဆိုရင် ပိုမိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေး အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အားလုံးက တူညီပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံရဲ့ရှေ့ရေးက ပိုကောင်းမယ်ထင်ပါတယ်။”

ဦးကိုကိုကြီး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
“ကျနော်တို့က ဒီဖွဲ့စည်းပုံကို ညောင်နှစ်ပင်ညီလာခံမှာကတည်းက မကြိုက်ခဲ့ဘူး။ ဒါပေ မယ့် တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းကူးပြောင်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကို ကျနော်တို့ထောက်ခံခဲ့တာ။ ပြီးတော့လည်း ဒီဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာ။ အဲဒီ တော့ဖွဲ့စည်းပုံပြင်ရေးဟာ ကျနော်တို့ မဆုတ်မနစ်ဆက်ပြီးတော့ လုပ်သွားရမှာပဲ။ ကျနော် တို့လွှတ်တော်ပြင်ပက အင်အားစုတွေအနေနဲ့ လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ကို ချိတ်ဆက်ဖို့ကြိုးစားခဲ့တာ တလျှောက်လုံး ကျနော်တို့ခုချိန်ထိကြိုးစားခဲ့တယ်။ ၄၃၆ ပြင်ဆင်ဖို့ ပယ်ချလိုက်တယ်ဆိုတာဟာ ပြည်သူတွေရဲ့ဆန္ဒကိုငြင်းပယ်လိုက်တယ်လို့ ကျနော်တို့ခံစားရပါ တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013