Home
မေးမြန်းခန်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီပဲ သွားစရာရှိတော့တယ် - ချင်းအမတ် ဦးကျွန်းခဲန်း
အေးနိုင်
·
June 25, 2015
Hlat Taw
ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ စ အပါအ၀င် ပုဒ်မ ၆ ခုကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ ဖွဲ့စည်းပုံပုဒ်မ ၅၉ ဃ မှာပါရှိတဲ့ သမ္မတ လုပ်မယ့်သူဟာ စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့ဟာကို ကာကွယ်ရေးအမြင်ရှိရမယ်လို့ ပြင်ဆင်ချက်ကို မဲအရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပေမယ့် ကျန် ငါးခုကိုတော့ ပြင်ဆင်ဖို့ လုံလောက်တဲ့ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်လို့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီငါးခုကတော့ ပုဒ်မ ၅၉ စမှာ ‘သမ္မတ တာဝန်ထမ်းဆောင်မယ့်သူရဲ့ သားသမီးတွေရဲ့ဇနီးခင်ပွန်းတွေကို နိုင်ငံခြားသားဖြစ်နေရင် ဘာမှမဖြစ်ဘူး’ ဆိုတဲ့ ပြင်ဆင်ချက်၊ ပုဒ် ၆၀ ဂ မှာ ‘ဒုသမ္မတတွေ စပြီး ရွေးရင် ရွေးကောက်ခံ လွှတ်တော်အမတ်ဖြစ်ရမယ်’ ဆိုတဲ့ ပြင်ဆင်ချက်၊ ပုဒ်မ ၄၁၈ ခ မှာ ‘တာဝန်မှ ရပ်စဲတဲ့ကိစ္စမှာ အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ’ဆိုတာကိုဖျက်တာ။ ပုဒ်မ ၄၃၆ က မှာ ‘၇၅ ရာခိုင်နှုန်း ကျော်ဆိုတာကို ၇၀ ရာခိုင်နှုန်းကျော်’ လို့ ပြင်တာ။ ပုဒ်မ ၄၃၆ ခ မှာ ‘အစည်းဝေးတက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းအောက် မလျှော့သော’ လို့ ပြင်တာတွေ ဖြစ်ပါတယ်။ ဒီလိုမဲမခွဲခင် လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးကြစဉ်က ကျန်လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးချက်နဲ့ မတူဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ခွင့်ပြုချက် တောင်းယူဖို့ တင်ပြဆွေးနွေးသူကတော့ ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းဖြစ်ပါတယ်။ ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးကျွန်းခဲန်းရဲ့ ဆွေးနွေးချက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တွေ့ဆုံပန်ကြားရမယ်ဆိုပြီး တခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မတူဘဲ လိုရင်းကို တိုတိုတောင်းတောင်း တိုက်ရိုက်ပြောသွားတာ တွေ့ရတယ်။ ပြောပြပါလား။ “ဟုတ်ကဲ့ ကျနော်တို့ ၅၉ စ ကျတော့ ကျနော် သိပ်တော့ မဆွေးနွေးဘူး။ နည်းနည်းလေးပဲ အဖျားလောက်ပဲ ကျနော်ပြောသွားတာပါ။ ဆွေးနွေးတယ်လို့ ပြောလို့ရမလားမသိဘူး။ ၅၉ (စ) က ဥပဒေပြုတာကလည်း လူတဦးတယောက်ကို ညွှန်းပြီးမှ ရေးဆွဲထားသလို ဖြစ်နေတယ်လို့ ကျနော် ပြောတယ်။ နောက် အဲဒီ ၅၉ (စ) ကို ပြန်လည်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကလည်း လူတဦးတယောက်ကို ညွှန်းပြီးမှ ဆွေးနွေးတဲ့ပုံစံတွေနဲ့ ဆွေးနွေးကြတယ်။ အဲဒါကိုတော့ တဘက်နဲ့တဘက် ညှိညှိနှိုင်းနှိုင်းလုပ်သင့်တယ်လို့ အဲလောက်ပဲ ကျနော် ဆွေးနွေးတာပါ။ ၅၉ (စ) ကျတော့။” ဟုတ်ကဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်လို့ကျတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ပတ်သက်လို့ ဘယ်လို ဆွေးနွေးခဲ့ပါသလဲ။ “၂၀၀၈ ခုနှစ်အခြေခံဥပဒေဟာပေါ့နော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာပေါ့နော် တပ်မတော် အစိုးရ လက်ထက်က လုပ်တဲ့ဥစ္စာဆိုတော့ ကျနော်အဲဒီမှာ ဘာပြောလဲဆိုတော့ အခြေခံဥပဒေ ကိစ္စက တပ်မတော်ရဲ့ လက်စွဲစာအုပ် ဖြစ်နေတယ်။ ဒါပေမယ့် တပ်မတော် လက်စွဲစာအုပ်ဖြစ်နေ တဲ့ အထဲမှာ တပ်မတော်အားလုံးထဲကနေပြီးမှ အကြီးဆုံးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူပိုင်၊ လက်စွဲစာအုပ်ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ ၄၃၆ (က) ကို ပြင်ချင်သပဆိုရင်လည်းပဲ ကျနော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီသွားပြီးမှ၊ နည်းနည်းနစ်နာခံပြီးမှ ‘အဲလိုအဲလိုဖြစ်နေတယ်၊ ကျနော်တို့တိုင်းပြည် လေးနှစ်၊ ငါးနှစ်နီးပါးလောက် ချီတက်တဲ့အခါမှာ မဆက်စပ်တဲ့ ပုဒ်မလေးတွေရှိတယ်။ ဒါကို ပြင်လို့ရအောင် ၄၃၆ (က) ကို နည်းနည်း သတ်မှတ်တဲ့ ရာခိုင်နှုန်း ကို နည်းနည်းလျော့လို့ ရမလားဆိုပြီးတော့ ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ သွားပြီးမှ အနစ်နာခံလိုက်လို့ရှိရင် ကောင်းမယ်။ တကယ်လို့သူက ခွင့်ပြုလိုက်လို့ရှိရင် တခါတည်း ကျနော်တို့ လုပ်ချင်တဲ့ဟာတွေပေါ့နော် ပြင်ချင်တာ အကုန်လုံး ပြင်လို့ရမယ်။ ဆိုတဲ့ အဲလိုပုံစံနဲ့ ကျနော် ဆွေးနွေးတင်ပြထားတာပါ။” ပုဒ်မ ၄၃၆ (က) ကို လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းအထက်ကနေ ၇၀ ရာခိုင်နှုန်းအောက် မလျော့စေဘဲလို့ ဥပဒေကြမ်းမှာ မဲခွဲတယ်ဆိုတော့ လွှတ်တော်လေးနှစ်သက်တမ်းမှာ ဘယ်လောက်ထိအောင် ပြင်ဆင်ရေးနဲ့ပတ်သက်လို့ သက်ရောက်မှု ရှိနေလဲ။ “အင်း အဲဒါကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်မှအပပေါ့နော်။ ပြည်ခိုင်ဖြိုးဘက်ကလည်း အနည်းအကျဉ်းတော့ ပါကောင်းပါမယ်။ ဒါပေမယ့် တကယ့်တကယ်တမ်း ဆွေးနွေးတဲ့အခါကျတော့ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း အဲဒါလေးကို သွားပြင်ချင်တယ်ဗျ။ တဘက်ကလည်း ကျနော်တို့ ဒီကနေ့ အခုတလောဆွေးနွေးဖြစ်တာလည်း ပြည်ခိုင်ဖြိုးဘက်က အဆိုတင်သွင်းပြီးမှ ဆွေးနွေးဖြစ်တဲ့ဥစ္စာပါ။ ဒါပေမယ့် တခု စဉ်းစားစရာရှိတာကတော့ ဒီဥစ္စာကို မပြင်လောက်ဘူးဆိုတာကို သိသိကြီးနဲ့ ကျနော့်အထင်ပေါ့နော် သိသိကြီးနဲ့ ပြည်ခိုင်းဖြိုးဘက်က အဆိုများလား၊ တမင်တကာ လုပ်တာလား။ မအောင်မြင်မယ်မှန်း သိလျက်သားနဲ့ တမင်တကာ မျက်နှာရအောင်ပေါ့နော် ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးနေပြီဆိုတဲ့အခါကျတော့ ပြည်သူလူထုဆီကနေ မျက်နှာရအောင်ပေါ့လေ၊ မဲရအောင်ပေါ့နော် အဲလိုပုံစံနဲ့ အဆိုလုပ်တာလား လို့တောင် ကျနော်သံသယ ၀င်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးကိုတော့ မဖြစ်နိုင်တဲ့ဥစ္စာလေးကို ပြည်ခိုင်ဖြိုးဘက်က အဆိုသွင်းတယ်ဆိုတော့ တကယ်တော့ အံ့သြစရာကောင်းတယ်နော် (ရယ်မောလျက်)။” ဒီကနေ့ လွှတ်တော်မှာ မဲခွဲကြတယ်မဟုတ်လား။ ဘယ်ဟာတွေ အောင်မြင်ပြီး ဘယ်ဟာတွေ အတည်ဖြစ်သွားသလဲ။ “ကျနော်တို့အောင်မြင်တာက တခုပဲ အောင်မြင်တယ်။ အောင်မြင်တာက စစ်ရေးအမြင်နဲ့ ကာကွယ်ရေးအမြင်ဆိုတဲ့ ဟာလေးပါတဲ့ ၅၉ (ဃ) ထင်တယ်နော်။ အဲဒါလေးပဲ ကျနော်တို့ အောင်မြင်ဖို့ ထင်တယ်နော်။ ကျန်တဲ့ဟာတော့ တခုမှ မအောင်မြင်ဘူး။ ဒီနေ့ ခြောက်ခု မဲခွဲဆုံးဖြတ်ကြတယ်။ ကျန်တဲ့ငါးခုကတော့ မအောင်မြင်ဘူး။ အဲဒီ ၅၉ (ဃ) သမ္မတဖြစ်မယ့်လူဟာ ဘယ်လို ဘယ်လိုဖြစ်မယ်၊ စီးပွားရေး၊ နိုင်ငံရေးအမြင်ရှိရမယ်။ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ဟာကို ကာကွယ်ရေးအမြင်ရှိရမယ်လို့ အဲလိုပဲ သူတို့ ပြောင်းထားတယ်။ “ကျနော့်အနေနဲ့ အဲဒါလည်း မနေ့က ဆွေးနွေးဖြစ်ပါတယ်။ အဲဒါကို ကျနော့်အနေနဲ့ တပ်မတော်သားဘက်ကနေမှ အသားယူလွန်းတယ်။ ကာကွယ်ရေးအမြင်ဆိုတဲ့ဟာကို ကျနော်တို့ ပယ်ဖျက်ရအောင်။ ကျနော်တို့ လိုချင်တာကတော့ နိုင်ငံတော်ရေးရာကို၊ နိုင်ငံတော်ရေးရာအားလုံးကို ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ပဲ ကျနော်တို့ သတ်မှတ်ရအောင်’ ဆိုပြီး ကျနော် ဆွေးနွေးတာပါ။ ကျနော်ဆွေးနွေးတာက ကျနော့်ဆန္ဒ ရှိတဲ့ဟာပဲ ကျနော် ဆွေးနွေးတာပါ။ ဒါလည်း သူတို့ အတည်မယူပါဘူး။ ကျနော့်အမြင်က ဒီတပ်မတော်ကပဲ နိုင်ငံတော်သမ္မတလုပ်ရမယ့် ပုံစံ ဖြစ်နေတဲ့ဟာကို၊ သူများကနေပြီးမှ တပ်မတော်ကို ဝေဖန်တဲ့ဟာကိုလည်း ကျနော် မလိုချင်ဘူး။ အမြင်စောင်းမှာလည်း မလိုချင်ဘူး။ ဒါပေမယ့် ဒီနိုင်ငံတော်ရဲ့ အရေးအရာအားလုံး ကျွမ်းကျင်စွာ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ အဲဒီအထဲမှာလည်း အားလုံးထဲမှာ ကျနော်တို့ ကာကွယ်ရေးလည်းပါတယ်၊ စီးပွားရေးပါတယ်၊ အုပ်ချုပ်ရေးလည်း ပါတယ်။ အဲဒါကြောင့် ကျနော်လည်း အဲဒါနဲ့ပဲ လုပ်ရင် ပိုကောင်းမယ်ဆိုပြီးတော့ ဆွေးနွေးဖြစ်ခဲ့တယ် မနေ့က။ ဒါပေမယ့် သူက အတည်တော့ မယူပါဘူး။” မနေ့က လွှတ်တော်မြင်ကွင်းကို တွေ့ရတာက တချို့က ပုဒ်မ ၄၃၆ ပြင်ချင်ရင် အမတ် ၇၅ ရာခိုင်နှုန်းကျော်၊ တချို့က သုံးပုံနှစ်ပုံ၊ တချို့က တ၀က်ကျော် စသဖြင့် ဆွေးနွေးကြတယ်။ ဦးကျွန်းခဲန်း တယောက်ပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနာမည်ကို တပ်ပြီးတော့ ပြောတာက တကယ်ပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လုပ်လို့ရှိရင် ပြင်နိုင်မယ်ဆိုပြီးတော့ တကယ်ပဲ ယုံကြည်လို့လား။ ဘာဖြစ်လို့ ဦးကျွန်းခဲန်းက ကျန်သူတွေနဲ့ မတူဘဲ ကွဲလွဲပြီး ပြောရတာလဲ။ “အော်၊ ဟုတ်ကဲ့ ကျနော်လည်း အဲဒါတော့ ယုံလည်းယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း သူ့မှာ စေတနာလည်း ရှိတဲ့သဘောလည်း မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့စစ်အာဏာကို၊ အဲလောက်ကြီး စစ်အာဏာကနေပြီးမှ စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို တွန်းပို့နိုင်တဲ့ ပုဂ္ဂိုလ် တယောက်အနေနဲ့၊ အမှန်ဆိုရင်တော့ အာဏာဆိုတာ ဘယ်သူမဆို မက်ကြမှာပဲ။ ဒါပေမယ့် အဲလောက် စွန့်လွှတ်ပြီးလုပ်တဲ့အခါကျတော့ သူ့မှာ စေတနာတော့ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ရှေ့ဆက်သွားမယ့်နေရာမှာလည်း သူက သူ့သားသမီးများလည်းဖြစ်တယ်၊ ကျနော်တို့ မြန်မာပြည်သူပြည်သားအားလုံးလည်း သူ့သားသမီးများဖြစ်တဲ့အခါကျတော့ အဲလိုပဲ ကျနော်ခံယူတဲ့အခါကျတော့ သားသမီးရဲ့ ကောင်းရာကောင်းကြောင်းကိုတော့ သူက စဉ်းစားလိမ့်မယ်လို့ ကျနော် ခံယူပါတယ်။ အဲဒါကြောင့်မို့လို့ သူ့နာမည်ကို ကွင်းကွင်းကွက်ကွက် ဖော်ထုတ်ထားခြင်းဖြစ်ပါတယ်။ ဒီနေ့မဲခွဲတာမှာ ၅၉ (ဃ) တခုပဲ စစ်ရေးအမြင်ကနေ ကာကွယ်ရေးအမြင် ပြောင်းလဲမှုကို ထောက်ခံမှုအများဆုံး ရခဲ့တယ်။ ကျန်တာ မပြောင်းဘူး။ ဒီအတိုင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ဆက်ရှိနေခြင်းက မဲခွဲတိုင်းမှာ ဒီလိုမျိုးရလဒ်တွေ ဖြစ်မလား။ ဒါမှမဟုတ် တပ်မတော်သားတွေက စိတ်ပြောင်းပြီးတော့ ၄၃၆ ပြင်ဆင်ရေးက ဖြစ်နိုင်လား။ ဒီကနေ့မြင်ကွင်းအရဘယ်လိုခန့်မှန်းလဲ။ “အဲဒါ ပြောရရင်တော့ ဘယ်လိုခေါ်မလဲ၊ နောက်ကြောင်းရာဇ၀င်ကို နည်းနည်း နည်းနည်းဖော်ထုတ်ရမလိုလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်သားတိုင်းက တပ်မတော်သားတိုင်းကပေါ့လေ ဒီအခြေခံဥပဒေကို အသေအလဲကာကွယ်မယ့်ပုံစံဖြစ်နေတယ်။ ဘာဖြစ်လို့ ဒီလောက်ကာကွယ်တာလဲ အားလုံးပေါ့နော် ပြည်သူပြည်သားအားလုံးက ကာကွယ်ချင်တာပဲ။ ဒါပေမယ့် သူတို့က ပိုပြီးမှ ကာကွယ်ထိန်းသိမ်းတဲ့ပုံစံနဲ့ ပြောနေကြတာက အဓိပ္ပာယ်တော့ရှိတယ်။ အဓိပ္ပာယ်ရှိတယ်ဆိုတာက မှန်ချင်မှမှန်မယ်။ ကျနော့်အမြင် အထင်က ဘာလဲဆိုတော့ ဒီပဲယင်းကိစ္စတုန်းကလေ ဒါက အောင်ဆန်းစုကြည်ကို သူတို့က လုပ်ကြံဖို့။ ဒါက ဘယ်ကနေ စလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေပြီးတော့ ‘ဒီကောင်မ မမြင်ချင်ဘူး’ ဆိုတဲ့ စကားကနေ ထွက်လာပြီးမှာ အဲလိုဖြစ်တယ်လို့ ကျနော်တို့ ကြားသိကြရပါတယ်။ တကယ်လို့သာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသက်ရှင်နေတဲ့ကာလပတ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကနေမှ သမ္မတဖြစ်သွားလို့ရှိရင် အဲဒါများ သူတို့က ကလဲ့စားချေမလားဆိုတဲ့ ကြောက်စိတ်နဲ့ပေါ့နော်၊ အဲဒီကြောက်စိတ်နဲ့ တပ်မတော်သားအားလုံးက ဗိုလ်ချုပ်မှူးကြီးကို သူတို့က ကာကွယ်ပေးတဲ့သဘောနဲ့ ရှိသမျှဖြစ်သမျှကိုလည်းပဲ သူတို့က ထိန်းသိမ်းထားပြီး ဒီအတိုင်းဒီအတိုင်းဥပဒေကိုလည်း ဒီအတိုင်းထားမယ်ဆိုတဲ့ သူတို့အသံနဲ့တသံတည်းထွက်တဲ့အခါကျတော့ အဲလိုပဲ ကျနော်သံသယ၀င်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လို့ရှိရင် သူကိုယ်တိုင်က ကလဲ့စားမချေရင်တောင်မှ သူ့လက်အောက်ကလူတွေက၊ နောက် ပြည်သူလူထုကနေပြီးတော့ ဆန္ဒပြတောင်းဆိုမှုရှိလာလို့ရှိရင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် အတော်လေး ခက်ခဲမယ်။ နောက် တိုင်းပြည်ကလည်း ဗရုတ်သုတ်ခဖြစ်နိုင်တဲ့ အခြေအနေမှာရှိတဲ့အတွက်ကြောင့် သူတို့ အဲဒီ ကာကွယ်တဲ့သဘောအနေနဲ့ အဲလိုပဲ ခံယူပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မဲခွဲမှုဟာ သမိုင်းမှတ်တိုင်ရက်မဟုတ်ပေမယ့် မှတ်မှတ်ရရရက်တခုဖြစ်တယ်ပေါ့၊ ဒီကနေ့ အမှတ်တရအဖြစ် ဘာပြောစရာရှိမလဲ။ “ကျနော့်သူငယ်ချင်းတွေလည်း နောက်တယ်။ ဒီနေ့မဲခွဲဆုံးဖြတ်တာ မအောင်မြင်တဲ့အခါကျတော့ ‘ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီပဲ သွားစရာရှိတော့တယ်’ လို့ နောက်ပြောင်ပြီးမှ ပြောပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024