DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှုမှန်ပေါ်ရေး ဗြိတိန် ၂ ဦး သက်သေထွက်ဆိုပေးရန် တောင်းဆို
DVB
·
June 25, 2015
လိပ်ကျွန်းအမှုမှန်ပေါ်ရေး ဗြိတိန် ၂ ဦး သက်သေထွက်ဆိုပေးရန် တောင်းဆို
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဆုံးသူတွေရဲ့ သူငယ်ချင်းတွေဟာ အရေးကြီးတဲ့ သက်သေတွေဖြစ်တာကြောင့် အမှုမှန်ပေါ်ပေါက်ရေး သက်သေထွက်ဆိုပေးဖို့ တောင်းဆိုထားတယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။

ဒီအမှုဟာ လက်ရှိ ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရတဲ့ မြန်မာလူငယ် ၂ ဦးအတွက် သေဒဏ်ကျစေနိုင်တဲ့အမှုဖြစ်လို့ သူတို့ဘက်က ခိုင်လုံတဲ့ သက်သေတွေ ကြိုးစားရှာဖွေနေတာလို့ ဆိုပါတယ်။

အခင်းဖြစ်စဉ်ကာလ လိပ်ကျွန်းမှာရှိနေတဲ့ သေသူရဲ့ သူငယ်ချင်းဖြစ်သူ ဗြိတိန်နိုင်ငံသား ၂ ဦးဟာ အရေးကြီးတဲ့အတွက် သူတို့ကို သက်သေအဖြစ် ထွက်ဆိုပေးဖို့ တောင်းဆိုထားတယ်လို့ ဒီအမှုအတွက် ဖွဲ့စည်းထားတဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဗြိန်နိုင်ငံသား ရှောင် ဆိုတာ သေသွားတဲ့ ဟဲနာဆိုတဲ့ မိန်းကလေးရဲ့ သူငယ်ချင်းပေါ့။ အခင်းဖြစ်တဲ့ မနက် ၂ နာရီကျော် ၃ နာရီလောက်မှာ ရှောင်ကိုယ်တိုင် လက်မှာ သေတဲ့သူတွေနဲ့ တူတဲ့ ဒဏ်ရာရပြီးတော့ ဂစ်တာကိုင်ပြီး ဘားထဲကိုဝင်လာတဲ့ပုံ၊ ဂစ်တာမှာလည်း သွေးတွေပေနေတဲ့ပုံတွေ သတင်းမီဒီယာမှာ ပေါ်ပါတယ်။ ရှောင်ကိုယ်တိုင်လည်း သူ့ရဲ့ဖေ့စ်ဘုတ်မှာ တင်ထားတယ်။ နောက်တယောက်က ခရစ္စတိုဖာ၊ သူက သေသွားတဲ့ ဒေးဗစ်ရဲ့သူငယ်ချင်း၊ လေဆိပ်မှာစစ်တော့ သူ့အိတ်ထဲက ဘောင်းဘီမှာ သွေးစွန်းတာတွေ့တဲ့ကိစ္စပါ။ အဲဒါတွေကြည့်ပြီးတော့ ဒီအကြောင်းကို သူတို့ သိနိုင်မြင်နိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့် သူတို့ကို တရားခွင်မှာ မေးမြန်းလို့ရအောင် တရားရုံးကို လျှောက်ထားပြီးတော့ ခေါ်ခိုင်းတာပါ။”

ဒီနိုင်ငံခြားသားသက်သေ ၂ ဦးကို ခေါ်ပေးဖို့ လွန်ခဲ့တဲ့ ဧပြီလကတည်းက တရားရုံးကို လျှောက်ထားပေမယ့် တရားရုံးက အမိန့်မချသေးကြောင်း၊ လာမယ့် ဇူလိုင်လ ၈ ရက် ရုံးချိန်းမှာ ခေါ်ရေး မခေါ်ရေးကိစ္စ သိရမယ်လို့ သူကဆက်ပြောပါတယ်။

နိုင်ငံခြားသား ၂ ဦးအနေနဲ့  အမှန်တကယ် သက်သေလုပ်ပေးနိုင်မယ်ဆိုရင် သူတို့အနေနဲ့ ခရီးစရိတ်လည်း မကုန်၊ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာမရှိအောင် ထိုင်းကိုလာစရာမလိုဘဲ သက်ဆိုင်ရာ သံရုံးမှာ ဗွီဒီယိုကွန်ဖရင့်လို စစ်ဆေးပြီး အဲဒီဗွီဒီယိုကို တရားရုံးမှာ တင်ပေးရင်လည်း ရနိုင်တယ်လို့  ဆိုပါတယ်။

လောလောဆယ် တရားခံ မြန်မာလူငယ် ၂ ဦးဘက်ကနေ တရားခွင်ကို တင်ထားတဲ့ သက်သေ ၃၁ ဦးရှိပြီး တရားလို (ထိုင်းရဲတပ်ဖွဲ့) ဘက်ကတော့ ရဲသက်သေ ၅၀၊ မှုခင်းဆရာဝန် ၅ ဦး၊ နိုင်ငံခြားသူ ၃ ဦး၊ မြန်မာအလုပ်သမား ၇ ဦး၊ စုစုပေါင်း ၆၅ ဦးဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် တရားလိုဘက်က ပိုများပေမယ့် ခိုင်လုံမှုသာ အဓိကဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရလည်း အမှုကွင်းဆက်တွေက ဟာကွက်ဖြစ်နေရင် တရားခံကို အပြစ်ပေးလို့မရကြောင်း  ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။

နောက်အရေးကြီးသက်သေတခုမှာ သေသူဆီက ဒီအန်အေနဲ့ တူတယ်ဆိုတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေကို ထိုင်းတရားရေးဝန်ကြီးဌာန မှုခင်းဆေးသိပ္ပံညွှန်မှူး ဒေါက်တာဖွန်းထစ်ပ် ကိုယ်တိုင် ပြန်လည်စစ်ဆေးဖို့ တရားရုံးက ညွှန်ကြားထားပေမယ့် ရဲတပ်ဖွဲ့ဘက်က အမှုနဲ့ပတ်သက်တဲ့ ဒီအန်အေကို ဒေါက်တာဖွန်းထစ်ပ်ဆီ ပို့ဆောင်ပေးဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

ဒီလိုကြာမြင့်နေတဲ့အပေါ်မှာ ထိုင်းရှေ့နေများကောင်စီဘက်ကလည်း လာမယ့် ဇူလိုင်လ ၈ ရက် ရုံးချိန်းနေ့ထိ အချိန်မမီမှာ စိုးရိမ်မကင်းဖြစ်ကြောင်း လွန်ခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့ပါတယ်။

တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးမှာတော့ ကော့စမွီအကျဉ်းထောင်မှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး အမှုကလွတ်ကင်းဖို့ ယုံကြည်ချက်အပြည့်ရှိနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှလူမျိုး ၂ ဦး လိပ်ကျွန်းပေါ်မှာ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013