
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို မေ ၂၂ ရက်မှာ စစ်အာဏာရှင်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ယောက် သေဆုံးပြီး အမျိုးသမီး ၇ ယောက် ဒဏ်ရာရရှိသလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၂ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်လောက်က ချီပါရွာကို မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စင်းနဲ့ ရွှေဘိုမြို့တောင်ဘက် မြို့အဝင် စစ်ဆေးရေးဂိတ်ကနေ လွှတ်တင်တဲ့ ဆူဆိုက်ဒရုန်း ၂ စင်းတို့က ဗုံး ၅ လုံး ကြဲချ တိုက်ခိုက် ခဲ့တာပါ။
ဒီဗုံးတွေဟာ လူနေရပ်ကွက်တွင်းက နေအိမ်တွေနဲ့ လမ်းဘေးဝဲယာတွေကို ကျရောက် ပေါက်ကွဲ ခဲ့ပြီး ချီပါ (မြောက်) ရွာက အသက် ၇၀ ကျော်အရွယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပါတယ်။
ပြီးတော့ အသက် ၁၈ နှစ်ကနေ ၆၀ ကျော်အရွယ် အမျိုးသမီး ၇ ယောက်လည်း ဒဏ်ရာ ရခဲ့ တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မျက်မြင်ဒေသခံတယောက်က “ဗုံး ၅ လုံးက ချီပါမူး အနောက်ဘက် လူနေရပ်ကွက်နဲ့ လမ်းဘေး တွေကို ကျတာပါ။ အိမ်ပေါ်ကျတဲ့တလုံးကြောင့် အိမ်ရှင် ၂ ယောက် ထိတယ်။ ကျန်တဲ့ မိသားစုဝင် တွေက မူးမြစ်ဘေး လယ်ထဲမှာ ပဲရိတ်နေကြတာပါ။ အိမ်ပေါ်ဗုံးကျတော့ အိမ်ထဲက ဖခင်ဖြစ်သူ ကို သွားရောက်ကယ်ဆယ်ချိန်မှာ ဗုံးထပ်ချလို့ အိမ်ဆီပြေးလာသူတွေ အကုန် ဒဏ်ရာရ သွားတာပါ။ အိမ်ထဲမှာရှိတဲ့ လူငယ်ကတော့ ဗိုက်ကို ဗုံးစမှန်ပြီး လူကြီးကတော့ လေဟပ်တဲ့ ဒဏ်ကြောင့် ဆေးကုသနေရင်း နှစ်ဦးစလုံး သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၁ ရက်နဲ့ ၁၃ ရက်နေ့တုန်းကလည်း ရွှေဘိုမြို့နယ်ထဲက မဲတောရွာ ဘုန်းကြီးကျောင်း၊ အောင်ချမ်းသာရွာ ဘုန်းကြီးကျောင်းနဲ့ ဗိုလ်တည်းကုန်းရွာ စာသင်ကျောင်း တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရခဲ့ပါသေးတယ်။
စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ ရွှေဘို အနောက်ခြမ်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်မရှိဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာပါ။
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လေကြောင်းရန် ကာကွယ်နိုင်မဲ့ ကတုတ်ကျင်း တွေ တူးထားကြဖို့နဲ့ အမြဲသတိထား နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။










