DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ချင်း ရေကြီး မြေပြို ဖြစ်နိုင်ဟု မိုးဇလ သတိပေး
DVB
·
June 25, 2015
ရခိုင်နှင့်ချင်း ရေကြီး မြေပြို ဖြစ်နိုင်ဟု မိုးဇလ သတိပေး
Donate to DVB

အခုရက်ပိုင်း မိုးကြီးပြီး နောက်ဆက်တွဲ မြေပြို ရေကြီးဖြစ်ပေါ်နိုင်ရာမှာ အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းငယ်တွေ ရုတ်တရက် ရေကြီးရေလျှံတာဖြစ်ပေါ်နိုင်ပြီး ချင်းပြည်နယ်ထဲမှာတော့ မိုးကြီးပြီး မြေပြိုတာ ဖြစ်ပေါ်နိုင်တယ်လို့ သူက သတိပေး ပြောပါတယ်။

“ရခိုင်ပြည်နယ်တို့ ချင်းပြည်နယ်တို့ အဓိက ပိုသတိထားရမယ်။ ချင်းပြည်နယ်က မိုးတအား ကောင်းတဲ့အခါ မြေပြိုတာ ဖြစ်တတ်တယ်။ ရခိုင်ပြည်နယ်ကျတော့ ချောင်းငယ်မြစ်ငယ်လေးတွေ ရှိတဲ့အခါကျတော့ ဒီ ချောင်းငယ်မြစ်ငယ်လေးတွေကနေ ရေကြီး ရေလျှံမှုတွေ ဖြစ်နိုင်တယ်။”

ဧရာဝတီတိုင်းမှာလည်း ချောင်းငယ်မြစ်ငယ်တွေရှိလို့ အနည်းငယ် သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာပြည်အတွင်း မုတ်သုံလေ အားကောင်းနေရာက အားအလွန်ကောင်းနေတာက တကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကုန်းပေါ်မှာ တည်ရှိနေတဲ့ လေဖိအားနည်းရပ်ဝန်းက တိမ်တိုက်ကြီး ရခိုင်ပြည်နယ်ပေါ် ရောက်နေတာက တကြောင်းတို့ကြောင့် အခုလို ပြည်နယ်တိုင်းဒေသတချို့ မိုးကြီးနိုင်တာ ဖြစ်ပါတယ်။

မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မြန်မာ့ကမ်းရိုးတန်းမှာ လှိုင်းလေပြင်းထန်နေတဲ့အတွက် ငါးဖမ်းစက်လှေ အပါအ၀င် လှေသင်္ဘောတွေ ခုတ်မောင်း သွားလာခြင်း မလုပ်ကြဖို့လည်း မိုးဇလနဲ့ မြန်မာ့ရေကြောင်းဌာနတို့က အသိပေး နှိုးဆော်ထားပါတယ်။

ဒါ့အပြင် ရုတ်တရက် မိုးကြီးတဲ့အချိန် လေယာဉ်အဆင်းအတက် လုပ်တဲ့အခါ သတိထား ဆင်းသက်ကြဖို့လည်း သတိပေးထားပါတယ်။

ဇွန်၂၄၊ ၂၅၊ ၂၆ နဲ့ ၂၇ ရက်တို့မှာ  ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးရွာပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013