DVB Logo
Home
Lead Story
နှစ်ဘက် တင်းမာမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘေးရောက်သွားနိုင်တယ် - ဦးခွန်ဆိုင်း
DVB
·
June 24, 2015
နှစ်ဘက် တင်းမာမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘေးရောက်သွားနိုင်တယ် - ဦးခွန်ဆိုင်း
Donate to DVB

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နဲ့ ဆက်ဆွေးနွေးဖို့ လက်မခံလိုတဲ့ သဘောထား ရှိနေတယ်လို့ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဇွန် ၂၃ ရက်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။

တိုင်းရင်းသားတို့ရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာအဖွဲ့နဲ့ ၀န်ကြီးဦးအောင်မင်းတို့ ဇွန် ၂၂ ရက်က ရန်ကုန်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီး နိုင်ဟံသာက မီဒီယာကို အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအင်စတီကျု-ဒါရိုက်တာ ဦးခွန်ဆိုင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဇွန် ၂၃ ရန်ကုန်မှာ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာပြောတဲ့အထဲမှာ ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့နဲ့တွေ့တော့ သူတို့အနေနဲ့ အန်စီစီတီအဖွဲ့နဲ့ ဆက်ဆွေးနွေးရင် ပြဿနာ မရှိဘူး၊ အခု အဖွဲ့သစ်နဲ့ ဆက်ဆွေးနွေးဖို့ကျ အမြင်မရှင်းဘူး၊ လက်မခံချင်ဘူးဆိုတဲ့ သဘောမျိုးပြောတယ်လို့ ပြောတယ်။ အစိုးရက ဘာလို့ အမြင်မရှင်း ဖြစ်နေတာလဲ၊ ဦးခွန်ဆိုင်း သုံးသပ်ပေးပါ။

“တဘက်က အစိုးရကလည်း ဒီဟာဟာ အန်စီအေ (အပစ်ရပ်စာချုပ်) မထိုးချင်လို့ အချိန်ဆွဲတာ ဖြစ်တယ်၊ ဒီလို ယူဆမှု ရှိတယ်။ သို့သော်လည်းပဲ အစိုးရဘက်က ဘာပြဿ     နာရှိလဲ ဆိုတော့ အန်စီစီတီနဲ့ပဲ တွေ့မယ်၊ အဖွဲ့သစ်နဲ့ လုံးဝ မတွေ့ဘူး ဆိုလို့ရှိရင်လည်း အစိုးရဘက်က ငြိမ်းချမ်းရေး မလိုချင်ဘူးဆိုတဲ့ အစွပ်စွဲခံရမယ့်အပိုင်း ပြန်ရှိနေပါတယ်။ ဒါကြောင့်မို့ အခု ဖြစ်နေတဲ့ အခြေအနေကတော့ နှစ်ဘက်က ဘယ်နည်းနဲ့မဆို နားလည်မှု ရှာပြီးတော့ ညှိရမယ့် အပိုင်း ရှိတာပေါ့။ အဲ့လိုမျိုး မဟုတ်ဘဲနဲ့ နှစ်ဘက်စလုံး တင်းမာမယ် ဆိုရင်တော့ ရွေးကောက်ပွဲကလည်း ရှိနေတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက တခါတည်း ဘေးရောက်သွားနိုင်တာပေါ့ဗျာ။ အဲ့ဒါကြောင့်မို့ နှစ်ဘက်စလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ညှိဖို့လိုမယ်လို့ ကျနော် ထင်ပါတယ်။”

နောက်တခုက ဇွန် ၂၂ နှစ်ဘက်တွေ့တုန်းက ဦးအောင်မင်းတို့ဘက်က မတ်လ ၃၁ ရက်မှာ နှစ်ဘက်လက်မှတ်ထိုးခဲ့တဲ့ အပစ်ရပ်စာချုပ်မူကြမ်းနဲ့ပဲ ပြီးလိုက်ဖို့ ပြောတယ်လို့ ဆိုပါတယ်။ ကျနော်တို့ သိသလောက် အပစ်ရပ်စာချုပ်မူကြမ်းထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ၀ိဝါဒကွဲပြားမှုများကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် ဆိုတဲ့အချက် ပါပါတယ်။ ဒီအပေါ်လည်း ဦးခွန်ဆိုင်း အမြင် သိပါရစေဦး။

“ကျနော်မြင်တာ ၂ ပိုင်း ရှိပါတယ်။ တပိုင်းကတော့ ဦးအောင်မင်း ပြောသလိုပဲ မပြေလည်သေးတဲ့ ကိစ္စရပ်တွေမှာ စာချုပ်စာကိုယ်ထဲမှာ လာမပြင်ဘဲနဲ့ စာချုပ်စာကိုယ်နဲ့ ပူးတွဲဖြစ်တဲ့ မှတ်တမ်းဆိုတဲ့ စာတမ်းရှိတယ်။ အဲ့ဒီစာတမ်းထဲမှာ အခု ဆုံးဖြတ်ချက် ၃၅ ချက် ရှိတယ်။ အဲ့ဒီ ၃၅ ချက်ထဲမှာ လာဖြည့်ရင် မကောင်းဘူးလား၊ ဒီဥစ္စာကလည်း ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ စဉ်းစားဖို့ကိစ္စ ဖြစ်ပါတယ်။

“လော်ခီးလာမှာ တိုင်းရင်းသားတွေ တင်ပြဖို့ အချက် ၁၅ ချက်ရှိတယ် ဆိုပေမယ့် တကယ်တမ်း ကျနော်တို့ ဆန်းစစ်ကြည့်တဲ့ အခါကျတော့ ၁၂ ချက်ပဲ ရှိတယ်။ ၂ ချက်က မပြင်ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ မပြင်ဘူး၊ သူ့အတိုင်းပဲထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်၊ နောက်တခုက အထက်ပါ ပြင်ဆင်ချက်များကို အတည်ပြုတယ်ဆိုတဲ့အချက် ဖြစ်တယ်။ ဒီ ၁၂ ချက်ထဲမှာ အများအားဖြင့်က စကားလုံးအရ ဖြစ်တဲ့ကိစ္စတွေ ဖြစ်တယ်၊ ဒီတော့ ဒီကိစ္စတွေက ညှိလို့ သိပ်မခက်ဘူးလို့ မြင်တယ်။

“ဒါပေမယ့် တဘက်က အစိုးရဘက်က ပြန်စဉ်းစားရမယ့်ဟာက ၃ ချက် ကျန်နေသေးတယ်။ နံပါတ်တစ်က လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိစ္စ သူတို့ ဆက်ဆွေးနွေးကြရဦးမယ်။ နံပါတ်နှစ်ကတော့ အစိုးရကရော တပ်ဖွဲ့တွေဘက်ကပါ လက်မှတ်ထိုးရမယ့် လူစာရင်း သို့မဟုတ် ရာထူးစာရင်းတွေ ဒါတွေလည်း ဆက်ဆွေးနွေးကြဖို့ လိုတယ်။ နံပါတ်သုံးက သက်သေခံအဖြစ် လက်မှတ်ထိုးမယ့် နိုင်ငံစာရင်းတွေလည်း ဆက်ဆွေးနွေးဖို့ လိုသေးတယ်။ ဒီ ၃ ချက်ကို အန်စီစီတီနဲ့ပဲ ဆက်ဆွေးနွေးမလား၊ အခု အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သစ်နဲ့ပဲ ဆွေးနွေးမလားဆိုတာ နှစ်ဘက် ပြန်ညှိကြဖို့ လိုဦးမယ်။”

အခု အစိုးရက ထပ်ဖွဲ့လိုက်တဲ့ အဖွဲ့သစ်ကို လက်မခံချင်တဲ့ သဘောမျိုး ပြောနေတာဟာ အဖွဲ့သစ်မှာ ပါဝင်လာကြတဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့ ဆိုင်မလား၊ ဘယ်လို သုံးသပ်လို့ရလဲ။

“ရိုးရိုးကြည့်လိုက်မယ်ဆိုရင်တော့ အဖွဲ့သစ်မှာ လူဟောင်းက ၆ ယောက်ပါတယ်ဗျ၊ လူသစ်က ၉ ယောက်ပါတယ်။ လူသစ် ၉ ယောက်က ခေါင်းဆောင်ပိုင်း ဖြစ်တယ်။ ကျန်တဲ့ ၆ ယောက်ကတော့ နောက်တန်းခေါင်းဆောင်လို ဖြစ်နေတာပေါ့ဗျာ။ အခု အစိုးရက ပြောနေတာတွေဟာ တရားဝင် ပြောနေတာ မဟုတ်သေးဘူး၊ အမ်ပီစီက ပြောတာတို့ ဘာတို့၊ တကယ်တမ်း တရားဝင် ပြောရမှာက ဒီတရက် နှစ်ရက်အတွင်းမှာ ဦးအောင်မင်းက ယူပီစီစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ) ကို သွားပြီးတော့ အစီရင်ခံရမယ်၊ အစီရင်ခံပြီး ယူပီစီစီရဲ့ ညွှန်ကြားချက် ရယူရမယ်၊ အဲ့ဒီအခါကျမှ တရားဝင် ဖြစ်မှာပါ။ အဲ့ဒါကြောင့်မို့ အခု လောလောဆယ်ကတော့ နှစ်ဘက်စလုံး ပြန်လည်ညှိနှိုင်းယူနိုင်ပြီး အမြန်ဆုံး နိုင်ငံရေးဆွေးနွေးပွဲကို ကူးပြောင်းသွားနိုင်ဖို့ အင်မတန် အရေးကြီးတဲ့အချိန် ဖြစ်တယ်၊ နှစ်ဘက်စလုံးကို ကျနော်တို့က ၀ိုင်းပြီး အားပေးဖို့လိုတယ်၊ နှစ်ဘက်စလုံးကို မေတ္တာရပ်ခံဖို့ လိုတယ်လို့ပဲ ကျနော် ပြောချင်တယ်။”

ဇူလိုင်နောက်ပိုင်း ရွေးကောက်ပွဲက လာတော့မယ်၊ ဇူလိုင်လဆန်းပိုင်း ရက်တော့ မသတ်မှတ်နိုင်ကြသေးဘူး၊ ချင်းမိုင်မှာ နှစ်ဘက် တွေ့ကြမယ်ပြောတယ်၊ ဖြစ်နိုင်ပါ့မလား၊ ဇူလိုင်လအတွင်း နှစ်ဘက် အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့။

“လောကကြီးမှာ သေချာတယ်ဆိုတာဟာ မသေချာမှုပဲဗျ။ အဲ့ဒါကြောင့် အခု လောလောဆယ်မှာ ဇူလိုင်မှာဖြစ်နိုင်မယ်လို့ ပြောနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်းဆိုရင် ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်၊ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။”

လာမယ့် ဇူလိုင်လဆန်းမှာ ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ ရှိပြီး အဲ့ဒီတွေ့ဆုံမှုကနေ နှစ်ဘက် အပစ်ရပ် အပြီးသတ်စာချုပ် လက်မှတ်ထိုးနိုင်မလားဆိုတဲ့ အဖြေတခုထွက်ဖို့ မျှော်လင့်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013