DVB Logo
Home
Lead Story
ပုဒ်မ ၄၃၆ အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ချေ အလားအလာ
DVB
·
June 25, 2015
ပုဒ်မ ၄၃၆  အရ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ချေ အလားအလာ
Donate to DVB

မြန်မာစကားတွင် ῎မျှော်လင့်တုန်း ကျော့ဆုံး လာခြေပြီ῎ ဟု ဆိုရိုးရှိသည်။ ဤသည်မှာ အပြုသဘောနဲ့ အကောင်းဘက်သို့  ဖြစ်ထွန်းတိုးတက်လာခြင်းကို ရည်ညွှန်းပါသည်။ “ဖွတ်ထွက်မှ တောင်ပို့မှန်း သိသည်။” ဟု ဆိုလျှင်မူ အပျက်သဘောနဲ့ အဆိုးဘက်သို့ ဆုတ်ယုတ်သွားကြောင်းကို သရုပ်ဖော်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ῎မျှော်လင့်တုန်း ပေါ်လာသည့် ကျော့ဆုံး῎ မဟုတ်၊ ῎ဖွတ်῎ ဖြစ်နေသည်။

စင်စစ်အားဖြင့်မူ “ဖွတ်ထွက်လာမှသာ တောင်ပို့မှန်း သိခြင်း” မဟုတ်။ “တောင်ပို့မှန်းသိသိကြီးနဲ့ ဖွတ်ထွက်လာအောင် ထိုင်စောင့်နေကြခြင်းသာ ဖြစ်ကြောင်း” မြင်သာသည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ၀င်သွားပြီးနောက် လူထုကို ကတိပြုထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအား လွှတ်တော်အတွင်းတွင် မည်သို့မျှ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိ။ နည်းပရိယာယ် ပြောင်းကာ လွှတ်တော်ပြင်ပသို့ ထွက်လာပြီးနောက် ပြည်သူလူထု လက်မှတ် ၅ သန်းမျှ ကောက်ယူနိုင်ခဲ့သော်လည်း စစ်ခေါင်းဆောင်ဟောင်း သစ်များက အလေးထားခြင်း မရှိကြောင်း ယခု ထွက်ပေါ်လာသည့် ဥပဒေကြမ်းက ထင်ရှားစွာ သက်သေ ပြလိုက်သည်။ တန်ဖိုးရှိသော ၄ နှစ်မျှကာလ ကုန်ဆုံးသွားခဲ့ပါပြီ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ထူထောင်ထားသဖြင့် ဖက်ဒရယ် လက္ခဏာ ဆောင်သလိုလိုပုံမျိုး ဖမ်းထားသည်။ အနှစ်သာရအားဖြင့်မူ တပြည်ထောင်စနစ်အခြေခံတွင် ဗဟိုချုပ်ကိုင်မှုကို တင်းကျပ်လွန်စွာ ကျင့်သုံးပြီး စစ်အာဏာရှင်စနစ်ကိုသာ ဖော်ဆောင်ထားကြောင်း ဖွဲ့စည်းပုံအခြေခံကို သဘော ပေါက်သည့် တိုင်းရင်းသားခေါင်းဆောင်တိုင်း နားလည်ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြင်ဆင်သည့် နည်းဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်မှာ စိတ်ကူးယဉ်မျှသာ ဖြစ်ကြောင်း ယခု ထွက်ပေါ် လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထင်ရှားစွာမြင်နိုင်သည်။

အဘယ်ကြောင့် ဤသို့ ဆိုပါသနည်း။

လက်ရှိ ပုဒ်မ ၄၃၆ တွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်” ဟု ပြဋ္ဌာန်းထားသည်။ ယခုထွက်ပေါ်လာသည့် ဥပဒေကြမ်းတွင်မူ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်” ဟု ပါရှိသည်။

ပြည်သူ့လွှတ်တော်တွင် ၄၄၀၊ အမျိုးသားလွှတ်တော်တွင် ၂၂၄ ဦး ရှိသဖြင့် နှစ်ရပ်ပေါင်းနဲ့ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ စုစုပေါင်း ၆၆၄ ဦး ဖြစ်သည်။ ၆၆၄ ဦး၏ ၇၀ ရာခိုင်နှုန်းမှာ ၄၆၅ ဦးဖြစ်သည်။ ဆိုလိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကျောရိုးကျသောကဏ္ဍများ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံများကို ဆန့်ကျင်ထားသောပြဌာန်းချက်များ၊ စစ်အာဏာရှင်စနစ်အား အသက်သွင်းထားသောပုဒ်မ မှန်သမျှများအား ပြင်ဆင်လိုလျှင် အနည်းဆုံးအားဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၄၆၅ ဦး အတိအကျက ထောက်ခံမှသာ အောင်မြင်နိုင်ချေရှိသည်။  သို့ဖြစ်ရာ ကန့်ကွက်သူ ၂၀၁ ဦး ရှိနေသမျှကာလပတ်လုံး ၂၀၀၈ ဖွဲ့စည်းပုံ၏ အခြေခံကျောရိုးများကို မည်သည့်အခါတွင်မျှ ပြင်နိုင်ချေမရှိ။ ယင်းအား လူနည်းစု၏ တားဆီးပိတ်ပင်ပိုင်ခွင့်အာဏာ (Minority Veto) ဟု ခေါ်သည်။

လွှတ်တော် နှစ်ရပ်လုံးတွင် ကာချုပ်က စေလွှတ်သူ စစ်ဗိုလ် ကိုယ်စားလှယ် ၁၆၆ ဦး (ပြည်သူ့လွှတ်တော် တွင် ၁၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်တွင် ၅၆ ဦး) ပါရှိပြီး ဖြစ်သည်။ ကြံ့ဖွံ့အမတ် နောက်ထပ် ၃၅ ဦး ရရှိရုံမျှဖြင့်  မူလ ရှိထားပြီးသော ၁၆၆ ဦးနဲ့ ပေါင်းပါက လွယ်လင့်တကူ ၂၀၁ ဦး ရရှိသွားပါမည်။ လွှတ်တော်နှစ်ရပ်လုံး ပေါင်းပါက ကြံ့ဖွံ့ပါတီ တခုတည်းအနေဖြင့်ပင် မည်သည့်နည်းဖြင့်မဆို ၃၅ ဦးအထက် ရမည်မှာ မြေကြီးလက်ခတ် မလွဲပါ။ စစ်အစိုးရနဲ့ လည်းကောင်း၊ ကြံ့ဖွံ့ပါတီနဲ့ လည်းကောင်း ပုလင်းတူ ဗူးဆို့ ဖြစ်နေသည့် အခြားပါတီငယ်များနဲ့ပါ ပေါင်းပါမူ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ရန် ပိတ်ဆို့ထားလိုသည့် စစ်ခေါင်းဆောင် ဟောင်း သစ်များနဲ့ ၄င်းတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေးလက်ဝေခံများသည် ၃၅ ဦးရဲ့ ၂ ဆ၊ ၃ ဆ မကရရန် မျှော်မှန်းနိုင်မည်မှာ အသေအချာဖြစ်သည်။ မည်သို့လျှင် ဖွဲ့စည်းပုံ၏ အခြေခံကျောရိုးများကို ပြင်ဆင်နိုင်ပါအံ့နည်း။

သို့ရာတွင် စစ်အာဏာရှင်စနစ်ကို အသက်သွင်းဆဲ ဖြစ်သည့် စစ်ခေါင်းဆောင်ဟောင်း သစ်များသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တွင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးမပါ၊ ကျောရိုးမကျသည့် ပုဒ်မအချို့အား ၄င်းတို့ ကိုယ်တိုင်က ဦးဆောင်ပြီး ပြင်ပေးခြင်းဖြင့် ဖွဲ့စည်းပုံကို ပြင်၍ ရကြောင်းပြဖွယ်ရှိသည်။ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းကို ဆက်လက်လိုက်ပါကြပါဟု လွှတ်တော်တွင်းရောက် နိုင်ငံရေးပါတီများအားလည်းကောင်း၊ လွှတ်တော်တွင်းဝင်ရန် ခြေလှမ်းပြင်နေသော နိုင်ငံရေးအင်အားစုများအားလည်းကောင်း၊ ဆက်လက်ကျုံးသွင်း သွားဖွယ် ရှိသည်။

သို့မဟုတ်ပါက ယခု ပေါ်ထွက်လာသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းအား အတည်ပြုကာ ပြင်၍ရနိုင် သယောင် မျှော်လင့်ချက်ပေးပြီး ၂၀၁၅ ရွေးကောက်ပွဲပြီးသည့်နောက် ပေါ်လာသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်သွားမည် ဖြစ်ကြောင်းဖြင့် “ဆောက်ဖြစ်မှ ကျောင်းဒကာ῎ ဇာတ်ခင်းကာ ကျင့်သုံးနေကျ ရေရှည်အချိန်ဆွဲသည့် မဟာဗျူဟာကို ဖော်ဆောင်ဖွယ်ရှိသည်။ ယင်းနှစ်ခုလုံးမှာ မည်သို့မျှ မရေရာစွာ “ရေပေါ်မှာ အရုပ်ရေးသည့်ဇာတ်῎ ခင်းနေကြောင်း ထင်ရှားသည်။

သို့ဖြစ်၍ ပုဒ်မ ၄၃၆ ကို ကိုင်စွဲကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းကို လိုက်သည့် နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီ အဖွဲ့အစည်းများသည် တံလျှပ်ကို ရေထင်၍ ရွှေသမင် အလိုက်မှားခြင်းနဲ့သာ ဘ၀နိဂုံး အဆုံးသတ်ဖွယ် ရှိသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေပြီး စစ်အုပ်ချုပ်မှု ယန္တရားအားကောင်းစွာ လည်ပတ်ရေးကို ပံ့ပိုးပေးသည့် ဒေါက်တိုင်များအဖြစ်နဲ့သာ သမိုင်းတွင်ကျန်ရစ်ဖွယ် ရှိသည်။

 

ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ)

ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ

ဇွန်လ (၁၈) ရက် ၂၀၁၅ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013