DVB Logo
Home
မြန်မာသတင်း
ကန့်သတ်ပစ္စည်းသွင်းမှုကြောင့် ကျောင်းသားနှင့်ဝန်းရံသူ ၃၅ ဦး ထောင်ဝင်စာအပိတ်ခံရ
DVB
·
June 24, 2015
ကန့်သတ်ပစ္စည်းသွင်းမှုကြောင့် ကျောင်းသားနှင့်ဝန်းရံသူ ၃၅ ဦး ထောင်ဝင်စာအပိတ်ခံရ
Donate to DVB

ထောင်တွင်းကန့်သတ်ပစ္စည်းတွေဖြစ်တဲ့ ဆေးလိပ်သွင်းမှုကြောင့် ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၃၅ ဦး ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအ၀င် ၃၅ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ရုံးချိန်ကအပြန် ထောင်ဘူးဝမှာ စီးကရက်နဲ့ ကွမ်းယာတွေ ယူလာလို့ဆိုပြီး သူတို့ကို ထောင်ဝင်စာ ပိတ်လိုက်တာလို့ ကျောင်းသားအရေး ကူညီပေးနေတဲ့ သာယာဝတီမြို့ခံ ကိုကျော်နိုင်ဦးက ပြောပါတယ်။

“သူတို့က ဒီလိုပါ၊ ရုံးထွက်တဲ့နေ့မှာ ဆေးလိပ်တွေဘာတွေ ပါသွားတယ်ပေါ့လေ။ ဆေးလိပ်တွေပါသွားတော့ ထောင်က ကန့်သတ်ပစ္စည်းပေါ့။ သူတို့ စစ်ပြီးတော့ အဲဒါထောင်ကနေ အရေးယူဖို့ဆိုပြီး သူတို့က ညွှန်ကြားရေးမှူးချုပ်ရုံးကို တင်ရတယ်ပြောတယ်။ တင်လိုက်တော့ အဲဒီက အခုမှ ပြန်ကျလာပြီးတော့ အရေးယူတာပေါ့။ ဒီနေ့မှစတာ။”

ကျောင်းသားတွေအတွက် လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ ပြောပါတယ်။

“အကျဉ်းထောင်လက်စွဲမှာလည်းပဲ ဆေးလိပ်ကို ထောင်ကတောင်မှ စီစဉ်ပေးရမယ်။ ကျနော်တို့ ထောင်မှာရှိစဉ် ၂၀၀၈ ခုနှစ်တုန်းက အင်းစိန်ထောင် မီးလောင်တဲ့အခါမှာ ညွှန်ကြားရေးမှူးချုပ်က မီးခြစ်တွေကြောင့် မီးလောင်တယ်ဆိုပြီးတော့ ကွမ်းယာကို ပြောင်းပြီးတော့ သွင်းခွင့်ပေးခဲ့တယ်။ ထောင်တွေကလည်း ကွမ်းယာကို ၀ယ်ပေးခဲ့တယ်။ ၂၀၁၀ နှစ်ကုန်မှာ ကျနော် ထွက်လာတာ။ အဲဒီတုန်းက ကွမ်းယာကို ခွင့်ပြုပြီးတော့ အခုက ကွမ်းယာပါ ခွင့်မပြုဘူးဆိုတော့ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးကို ပိတ်ပင်ရာရောက်တယ်။ ချိုးဖောက်ရာရောက်တယ်။”

ကျောင်းသားတချို့ ထောင်ဝင်စာပိတ်ခံရတဲ့အတွက် ဒီကနေ့ ထောင်ဝင်စာသွားတွေ့တဲ့ မိဘတချို့လည်း ငိုယိုပြီး ပြန်လာခဲ့ကြရတယ်လို့ ပြောပါတယ်။

ထောင်တွင်း ကန့်သတ်ပစ္စည်း တကြိမ်မိရင် ထောင်ဝင်စာ ၂ ပတ် ပိတ်ခံရတာလို့လည်း ပြောပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013