DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်အားခနှုန်းထား ညှိနှိုင်းမှု ရလဒ်ကွာဟလွန်း
DVB
·
June 24, 2015
အနိမ့်ဆုံးလုပ်အားခနှုန်းထား ညှိနှိုင်းမှု ရလဒ်ကွာဟလွန်း
1 / 3
Donate to DVB

အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်တို့ သုံးဦးသုံးဖလှယ်က ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးနဲ့ပတ်သက်လို့ နှစ်ရက်ဆက်တိုက် ဆွေးနွေးကြပေမယ့် နှစ်ဘက်အကြား နှုန်းထားကွာဟမှု ကြီးမားတာကို အဖြေမရှာနိုင်ဘဲ ဆွေးနွေးပွဲကို ဇွန် ၂၃ ရက်ညက အဆုံးသတ်ခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံးမှာ နှစ်ရက်ဆက်တိုက် ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အလုပ်သမားကိုယ်စားလှယ်တွေဘက်က ၄၀၀၀ ကျပ် သတ်မှတ်လိုပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်းဘက်က ဒီနှုန်းထားကို လက်မခံနိုင်ဖြစ်ခဲ့တာပါ။

ဇွန် ၂၃ ရက်ည ၇ နာရီခွဲခန့်အထိ ညှိနှိုင်းကြရာမှာ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဘက်က ကျပ်ငွေ ၂၅၀၀ ကျပ်ကို အဆိုပြုခဲ့တာကြောင့် နှစ်ဘက်သဘောတူတဲ့ နှုန်းထား မရရှိဘဲ အလုပ်ရုံဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ အလုပ်သမားကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဦးအောင်လင်း၊ ဦးမောင်မောင်၊ ဦးဇာနည်သွေး စတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ မြို့နယ်က ကိုယ်စားလှယ်တွေ၊ အလုပ်ရှင်တွေဘက်က အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး၊ ဒေါ်ခိုင်ခိုင်နွယ်၊ ယူအမ်အက်ဖ်စီစီအိုင်က ဦးဝင်းအောင်၊ ဦးအေးလွင်၊ ဦးမင်းအောင်တို့ တက်ရောက်ဆွေးနွေးကြပါတယ်။

အလုပ်သမားကိုယ်စားလှယ်တွေဘက်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တပြေးညီ ကျပ်ငွေ ၄၀၀၀ ရပ်တည်ဆွေးနွေးပြီး အလုပ်ရှင်တွေဘက်က အထည်ချုပ်လုပ်ငန်းလို လက်ခစားစက်ရုံတချို့ကသာ ဒီနှုန်းထားကို လက်မခံကြတာလို့ ဦးအောင်လင်းက ပြောပါတယ်။

ဦးအောင်လင်းက “ကျနော်တို့ အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူအစုအဖွဲ့တွေကတော့ အလုပ်သမားဘက်ဆိုက်အခြမ်းက ကျနော်တို့ ၄၀၀၀ အသံညီသွားပြီ။ တခြားလုပ်ငန်းရှင်တွေဘက်က ဒီပေါ်မှာ သဘောထားမပေးဘူးဆိုတဲ့အတွက် သူတို့က သဘောတူတယ်လို့ တွေးဆလို့ရတယ်။ မနေ့ညနေပိုင်းမှာတော့ အထည်ချုပ်လုပ်ငန်းရှင်တွေဘက်က ၂၅၀၀ ကျပ်အထိ တက်လာတယ်ပေါ့နော်။ မနေ့က ညနေပိုင်းအဆုံးသတ်ကတော့ ၄၀၀၀ နဲ့ ၂၅၀၀ ဖြစ်တယ်ပေါ့။ ဒီကနေ့ ဇွန် ၂၄ ရက်မှာ အမျိုးသားကော်မတီအစည်းအဝေးထိုင်နေတယ်။” လို့ ပြောပါတယ်။

အခြေခံအခကြေးငွေသတ်မှတ်နိုင်ဖို့အတွက် နိုင်ငံတ၀န်းမြို့နယ်ပေါင်း ၁၀၀ ကျော်မှာ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ ကိုယ်စားလှယ်တွေစုပေါင်းပြီး နေထိုင်စားသောက်မှုစရိတ်ကို စစ်တမ်းကောက်ယူခဲ့ကြပြီး သတ်မှတ်ပြဋ္ဌာန်းနိုင်ဖို့ သုံးပွင့်ဆိုင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို အစိုးရကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်၊ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ တက်ရောက်ကြပါတယ်။

ပဲခူးတိုင်း ဆွာမြို့ အထပ်သားစက်ရုံက အလုပ်သမားကိုယ်စားလှယ် ကိုကိုနိုင်က ကျပ် ၄ ထောင်နှုန်းကို သူ့ဘက်၊ ကိုယ့်ဘက်တွက်ဆပြီး လက်ခံပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့အလုပ်သမားတွေက ပြောမယ်ဆိုရင် အထည်ချုပ်နဲ့ မတူဘူးဗျ။ အထပ်သားဆိုတော့ ပေါ့ပါးတဲ့ပစ္စည်းမဟုတ်ဘူးပေါ့ဗျာ တကယ်ပင်ပင်ပန်းပန်းလုပ်ကိုင်ရတယ်။ ခေတ်ကာလကုန်ဈေးနှုန်းနဲ့ကြည့်ရင်လည်း နှုန်းထား ၄ ထောင်ဆိုတာ နည်းတယ်ဆိုပေမယ့် သင့်လျော်တယ်။ သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီး လက်ခံခဲ့တာ။ အထည်ချုပ်နဲ့ သဘာဝချင်းမတူဘူး။ ဒီထက်လျော့ပေးလို့မရဘူး။” လို့ ပြောပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “ဖော်မြူလာရှိတယ်။ ကျနော်တို့က ပြောရင်တော့ အခြေခံလစာ + အချိန်ပိုလုပ်ခ နဲ့ ကုန်ထုတ်လုပ်မှုဆုကြေးပေါ့ အဲဒါ ညီမျှခြင်းက လစာပေါ့။ ကျနော်တို့က ညီမျှခြင်း လစာမှာက အခုသူတို့ပြောတဲ့ ၄ ထောင်တို့ ဘာတို့က မိနေပြီးသား။ ကျနော်တို့က ၁ သိန်း ၂ သောင်းပေးနေတာကိုး။ အဲဒီ ၁ သိန်း ၂ သောင်းကို ကျနော်တို့က ခုနပြောတဲ့၊ ထားပါတော့ဗျာ အေရယ် ဘီရယ်ပေါင်းရင် စီ ဖြစ်တယ်ပေါ့။ အေကတော့ အနိမ့်ဆုံး အခြေခံလစာပေါ့။ ဘီကတော့ အချိန်ပိုလုပ်ခနဲ့ ဆုကြေးပေါ့။ ဆုကြေးဆိုတဲ့နေရာမှာ ထုတ်လုပ်မှုဆုကြေးပေါ့။ အဲဒါ ညီမျှခြင်း စီ ဖြစ်တာ။ စီ ကတော့ အိမ်ပါတဲ့ပိုက်ဆံ လစာပေါ့။ အခုဟာက စီ မှာက ပြဿနာမဖြစ်ဘူး။ အဲဒီမှာ စီ ကို အေ နေရာကို ရွှေ့တဲ့အခါကျတော့ ဘီ ပျောက်သွားတဲ့အတွက် ကျနော်တို့ အလုပ်လုပ်လို့မရဘူး။” လို့ ပြောပါတယ်။

မှတ်ချက်။ ။ အနိမ့်ဆုံး လုပ်ခလစာမှာ အလုပ်လုပ်သည့် မည်သူမဆို အနိမ့်ဆုံးအားဖြင့် ရရှိရမည့် လစာကို ဆိုလိုသည်။ အခြေခံလစာမှာမူ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် တာဝန်ကွဲပြားမှုအလိုက် စတင်ပေးအပ်သည့် လစာကို ဆိုလိုပြီး ကြိုးစားမှုအလိုက်၊ လုပ်သက် အလိုက်တိုးသွားမည်။ (ဥပမာ စက်ရုံလုပ်သား၊ အလုပ်ကြီးကြပ်သူ၊ မန်နေဂျာ စသဖြင့်။)

အလုပ်သမားဝန်ကြီး ဦးအေးမြင့် ဦးဆောင်တဲ့ လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီဝင်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံးမှာ အနိမ့်ဆုံးလုပ်ခလစာကိစ္စကို ဆွေနွေးကြမှာဖြစ်ပါတယ်။

အလုပ်သမားအနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်နိုင်ဖို့အရေး ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနအပေါ် ဖိအားပေးမှုတွေ ရှိခဲ့ပြီး လုပ်ခဥပဒေ ထုတ်ပြန်ခဲ့ပြီးကတည်းက ၂ နှစ်နီးပါးကြာမြင့်ချိန်အထိ လုပ်ခလစာသတ်မှတ်နိုင်ခြင်းမရှိ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013