
ဒေသတွင်း ပေါင်းစည်းမှုကို ပိုနက်ရှိုင်းစေရေး တွန်းအားပေးဆောင်ရွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က စီးပွားရေးဝန်ကြီးတွေ စက်တင်ဘာ ၁၉ ရက်က မနီလာမြို့တော်မှာ စုဝေးခဲ့ကြပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ မသေချာမရေရာမှုတွေ မြင့်တက်လာနေတဲ့ အခြေအနေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ထိန်းထားနိုင်ဖို့၊ ထောက်ပံ့ရေး ကွင်းဆက်တွေ ခိုင်မာစေဖို့နဲ့ ပြင်ပကနေ ရိုက်ခတ်မှုတွေကို ခံနိုင်ရည်ရှိစေဖို့ ရည်ရွယ်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
အာဆီယံဟာ မသေချာမရေရာမှုတွေ ပိုများလာနေတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေကို ရင်ဆိုင်ဖြတ်သန်းနေရတာပါ။
ကုန်သွယ်ရေးဆိုင်ရာ အနှောင့်အယှက်တွေ၊ မခိုင်မာတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ၊ မတည်ငြိမ်တဲ့ စွမ်းအင်ဈေးကွက်တွေနဲ့ မြင့်တက်လာနေတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေကြောင့် အရှေ့တောင်အာရှတဝန်းက စီးပွားရေးလုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ကြမ်းရယူမှုနဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုတွေ ဘယ်နေရာတွေမှာ လုပ်မလဲဆိုတာကို ပြန်သုံးသပ်လာနေကြပါတယ်။
ဒါပေမဲ့ အာဆီယံ စီးပွားရေးဝန်ကြီးတွေကတော့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေနဲ့ သိသာထင်ရှားတဲ့ အားသာချက်တွေနဲ့အတူ ဒီမသေချာမရေရာတဲ့ ကာလထဲကို အာဆီယံက ဝင်ရောက်နေတယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ခရစ္စတီနာရော့ခ်က “အာဆီယံဟာ ကမ္ဘာပေါ်မှာ အလားအလာအကောင်းဆုံး စီးပွားရေး အင်အားစုကြီးတခုအဖြစ် ရပ်တည်နေတဲ့ ဒေသနည်းနည်းထဲက တခုပါ။ နည်းပညာကျွမ်းကျင်ပြီးသား လူငယ် လူရွယ် အများအပြားရှိခြင်း၊ ဈေးကွက်ဖွင့်လှစ်ထားခြင်းနဲ့ ပြိုင်ဘက်ကင်းတဲ့ တိုးတက်မှု အလားအလာရှိခြင်းတို့ကို ပေါင်းစပ်ထားတယ်”လို့ ပြောပါတယ်။
ကုန်စည်ကုန်သွယ်မှုပမာဏက ဒေါ်လာ ၄ ဒသမ ၄ ထရီလီယံအထိ ရှိလာခဲ့ပြီး ၂၀၂၄ ခုနှစ်တုန်းကထက် ၁၄ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တာပါ။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏမှာလည်း ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လာပြီး ဒေါ်လာ ၂၄၆ ဘီလီယံနီးပါးအထိ ရှိလာခဲ့ပါတယ်။
Source: Reuters











