DVB Logo
Home
မြန်မာသတင်း
၅ နိုင်ငံ ထိပ်သီးအစည်းအဝေးပြီးဆုံး၊ နေပြည်တော် ကြေညာစာတမ်း ထုတ်ပြန်
DVB
·
June 23, 2015
၅ နိုင်ငံ ထိပ်သီးအစည်းအဝေးပြီးဆုံး၊  နေပြည်တော် ကြေညာစာတမ်း ထုတ်ပြန်
1 / 2
Donate to DVB

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ၅ နိုင်ငံအကြား ကုန်သွယ် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအ၀င် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ပါဝင်တဲ့ နေပြည်တော် ကြေညာစာတမ်းကို ဒီကနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နေပြည်တော်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီကြေညာစာတမ်းမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား အိမ်နီးချင်းကောင်းပီသရေး၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု မြှင့်တင်ရေး၊ ရေရှည်တည်တံ့တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနဲ့ ၂၀၁၅ အလွန် အာဆီယံ အသိုက်အ၀န်း တည်ဆောက်ရေးကို အထောက်အကူပြုရေး ကိစ္စတွေ ဆောင်ရွက်သွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စက်မှု၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊

[caption id="attachment_99195" align="alignright" width="450"]ဓာတ်ပုံ - MOI ဓာတ်ပုံ - MOI[/caption]

ခရီးသွားလုပ်ငန်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး စတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာတော့ ဆန်စပါးထုတ်လုပ်မှု တိုးမြှင့်ပြီး စားနပ်ရိက္ခာ လုံလောက်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လယ်သမားတွေဘ၀ တိုးတက်မြင့်မားလာစေဖို့ စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတွမှာ နည်းပညာနဲ့ သတင်းအချက်အလက်တွေ ဖလှယ်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီထိပ်သီးအစည်းအဝေးက လာမယ့် ၂၀၁၆-၂၀၁၈ မှာ ဆောင်ရွက်ဖို့ရှိတဲ့ မဟာဗျူဟာ လုပ်ငန်းအစီအစဉ်တွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီး ဒီအစီအစဉ်တွေထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဆွဲဆောင်တဲ့အနေနဲ့ ခရီးသွားအစီအစဉ်သစ်ဖြစ်တဲ့ “ပုဂံ-ချင်းမိုင်-လွမ်ပရာဘွမ်-ဗီယင်ကျန်း-ဆီရမ်ရိ-ဟွေး” ၅ နိုင်ငံ ကမ္ဘာလှည့် ခရီးသွားစင်္ကြန်သစ် အစီအစဉ်ကိုလည်း သဘောတူထားပါတယ်။

နယ်စပ်ဒေသတွေမှာ အထူးစီးပွားရေးဇုန်တွေနဲ့ သီးသန့် စီးပွားရေးဇုန်တွေ ဆောင်ရွက်သွားဖို့ အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းကွန်ရက်တခု တည်ထောင်သွားဖို့၊  ပြည်ပရောက် အလုပ်သမားတွေကို စီမံခန့်ခွဲရေး၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ ပူးပေါင်းလုပ်ဆောင်ဖို့လည်း မဟာဗျူဟာ အစီအစဉ်မှာ ပါရှိပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေအကြား ကူးစက်ရောဂါတွေ တားဆီးကာကွယ်ဖို့၊ သဘာဝ ဘေးအန္တရာယ် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ တိုးမြှင့်လုပ်ဆောင်ဖို့လည်း သဘောတူပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ကျန်အိုချာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်တို့အပြင် အာဆီယံ အတွင်းရေးမှူးချုပ် လီယောင်မင်လည်း တက်ရောက်ခဲ့ကြတာပါ။

မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ “မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ ခုနှစ် တာဝန်ယူပြီးတဲ့နောက်မှာ ယခုလို စီအယ်လ်အမ်ဗွီနဲ့ အက်မက်စ် အစည်းအဝေးများကို လက်ခံကျင်းပ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီထိပ်သီးအစည်းအဝေးများကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုများကို မျက်မြင်လေ့လာခွင့် ရခဲ့သလို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ပူးပေါင်းရှာဖွေ ဖော်ထုတ်ခဲ့ကြတယ်။” လို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ၄ နိုင်ငံ ပါဝင်တဲ့ စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးနဲ့ ထိုင်းနိုင်ငံပါဝင်တဲ့ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ  ၅ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲကို ဇွန်လ ၂၂ ရက်က  ၂၃ ရက်အထိ နေပြည်တော်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013