DVB Logo
Home
မြန်မာသတင်း
ဈေးခြင်း တခြင်း ကျပ် ၅၀,၀၀၀ ကျော်ရှိ၊ ဝင်ငွေနည်း မိသားစုများ ထမင်းနပ်မှန်ရေး ရုန်းကန်ရ
DVB
·
July 30, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ လက်ရှိ စစ်အာဏာရှင် အစိုးရတာဝန်ယူပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ  အဆိုးဝါးဆုံး အခြေအနေ ဖြစ်လာပြီး ပြည်သူတွေဟာ ထမင်းနပ်မှန်အောင်စားနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

မြန်မာနိုင်ငံက အိမ်ထောင်စုတစုရဲ့ အခြေခံစားနပ်ရိက္ခာတွေပါဝင်တဲ့ ဈေးခြင်းတခြင်းရဲ့ ကုန်ကျ စရိတ်ဟာ ကျပ် ၅၁,၁၈၇ ကျော်အထိ သုံးနေရပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဇွန်လမှာ ထုတ်ထားတဲ့ မြန်မာနိုင်ငံ ဈေးကွက်စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

အဲ့ဒီအခြေခံ ဈေးခြင်းတောင်းထဲမှာ ဆန် တကီလိုဂရန် ၂,၁၉၂ ကျပ်၊ စားအုန်းဆီ တလီတာ ၉,၄၅၈ ကျပ်၊ ကုလားပဲ တကီလိုဂရမ် ၆,၇၈၉ ကျပ်၊ ကျပ်ဥ ၁၀ လုံး ၆,၅၆၅ ကျပ်၊ ကြက်သွန်နီ တကီလိုဂရမ် ၄,၂၄၀ ကျပ်၊ ခရမ်းချဉ်သီး (၁ ကီလိုဂရမ်) ၅,၀၂၈ ကျပ်၊ ဆား (၁ ကီလိုဂရမ်) ၁,၈၉၀ ကျပ်တို့ ပါဝင်ပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလနဲ့ နှိုင်းယှဉ်ရင် ဇူလိုင်လဆန်းမှာ ၂၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာပါရှိပြီး လက်တွေ့မြေပြင်မှာတော့ အဲ့ဒီရာခိုင်နှုန်းထပ်ပိုပြီး ဈေးမြင့်တက်လာတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို ဝင်ငွေနည်းမိသားစုတွေကတော့ အစားလျော့စားပြီး ရင်ဆိုင် ဖြတ်သန်းနေကြရပါတယ်။ 

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “ဝင်တာမှ တနေ့မှ ၂၀,၀၀၀ လောက်ဝင်တယ်၊ တချို့ဆိုရင် ၁ သောင်းခွဲလောက်ပဲ ဝင်တယ်။ မိသားစု ၃ ယောက်ကို ထမင်းစရိတ် သီးသန့်ကို တနေ့ ၂၀,၀၀၀ မှမရှိရင် စားလို့မရဘူး။ ကုန်ကျစရိတ်တွေ မျှတအောင်ဆိုရင် အစားအသောက်ကို လျှော့ပစ်ရတာပဲ။ ဟင်း ၂ မျိုးစားမယ့်နေရာမှာ တမျိုးပဲ စားရတယ်။ တခါတလေ အသီးအရွက်နဲ့ပဲ စားဖြစ်သွားတာမျိုး ရှိ တာပေါ့။ ထမင်းနဲ့ဟင်းနဲ့ တနေ့စာ စားဖို့ အနိုင်နိုင်ရုန်းနေရတော့ တခြား သရေစာ စားဖို့ကတော့ အဝေးကြီးပေါ့။ အသီးအနှံလေး စားချင်တယ်ဆိုရင်တောင်မှ မကပ်နိုင်ဘူး၊ ပန်းသီးတလုံး ၅,၀၀၀၊ ၆,၀၀၀ ဖြစ်နေတယ်။ ပန်းသစ်တော်တလုံးကို ၁၀,၀၀၀ ကျော်တယ် ဘယ်လိုလုပ် သွားစားနိုင်တော့ မတုန်း။ ကော်ဖီသောက်တဲ့လူဆို ကော်ဖီတောင် မသောက်နိုင်တဲ့ ဘဝရောက်နေတယ် အပိုဝင်ငွေ မရှိတဲ့ အခါကျတော့လေ” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ ဆက်တိုက်မြင့်တက်နေတယ်ဆိုပေမဲ့ ပဋိပက္ခ ဖြစ်ပွားရာဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ဟာ ဈေးနှုန်းမြင့်တက်မှု အများဆုံးဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ 

အခုလို ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့အတွက် တနေ့တာ ထမင်းနပ်မှန်ဖို့ကိုတောင် မနည်းကြိုးစားရတယ်လို့ စစ်ကိုင်းတိုင်း မုံရွာမြို့က ပြည်သူတယောက်က ပြောပါတယ်။ 

“သားမိ ၃ ယောက် ၂ ဆတုန်းကဆို ၇,၀၀၀ လောက်ဆိုရင်ရတယ်။ ဆန်ရော၊ ဆီရော၊ ဟင်းချက်စရာ တွေရော အခုဆိုရင် ၁၅,၀၀၀ တောင် မရလောက်ဘူး။ ထမင်းကျန် ဟင်းကျန်လေးတွေနဲ့ ဖြစ်အောင်တော့ စားရတာပေါ့လေ။ ဆန်ဆိုလည်း အကောင်းမစားနိုင်တော့ဘူး၊ ဈေးလျော့တာလေး စားရတာပေါ့။ ဆီဆိုလည်း နဂိုတုန်းက စစ်တဲ့ဟာ ဝယ်သုံးရတယ်၊ အခုကျတော့ ဈေးချိုတာပေါ့။ တိုက်ပွဲဖြစ်ရင်လည်း ဈေးကားကို ပြောမနေနဲ့ ရောင်းတဲ့ဈေးသည်တောင် ရောက်မလာဘူး။ ဒီလိုပါပဲ ထမင်းကတော့ ဖြစ်အောင်တော့ ကိုယ့်မိသားစုကို အဆင်ပြေအောင်တော့ ရုန်းကြရတာပေါ့။ ဝယ်ထားပြန်ရင်လည်း ပြေးရရှောင်ရတော့ ဒါတွေက သယ်သွားလို့မရဘူးလေ။ အဲ့တော့ ဒါတွေက ဝယ်ထားလို့လည်းမရဘူး၊ ဝယ်ထားလို့လည်း မဖြစ်ဘူး။” 

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဟာ  ကုန်ပစ္စည်းမဝင်ရောက်နိုင်တဲ့အတွက် ဇူလိုင်လထဲမှာ တချို့စားသောက်ကုန်တွေဟာ ၂၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒီလိုကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာက ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေတင်မကပါဘူး စစ်အာဏာရှင် တပ် ထိန်းချုပ်ထားတဲ့ မြို့ပြတွေလည်းပါပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်အတွင်း ကုန်ဈေးနှုန်း ၂၇ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတယ်လို့ဆိုပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာကြောင့် ဝင်ငွေထွက်ငွေမမျှတဲ့အတွက် ချွေတာစားနေရပြီး အသားကို တလတခါတောင် ဝယ်မစားနိုင်ဘူးလို့ အိမ်ရှင်မတွေက ပြောပါတယ်။

သီရိ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013