DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နိုင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 22, 2015
ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နိုင်ဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

ဒီမိုကရေစီအောင်နိုင်ရေး၊ ပြည်သူ့အောင်နိုင်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အပြတ်အသတ် နိုင်ဖို့လိုတယ်လို့ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဇွန် ၂၁ ရက်နေ့ပြုလုပ်တဲ့ အန်အယ်လ်ဒီ ဗဟိုကော်မတီ အစည်းအဝေးပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“ကျမတို့ အခု ဒီအချိန်မှာဆိုလို့ရှိရင် ရွေးကောက်ပွဲကို အောင်နိုင်အောင်လို့ လုပ်တယ်ဆိုတာဟာ ဒီမိုကရေစီ အောင်နိုင်ရေးအတွက် ကျမတို့လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို အပြတ်အသတ်နို်င်ဖို့ လိုပါတယ်လို့ ကျမ အလေးအနက်ပြောပါရစေ။ ကျမတို့ အောင်နိုင်တဲ့ အခါမှာ ဘယ်သူ့ကိုမှ ကျောဖို့မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ကျမတို့ဟာ အာဃာတ တရား ကင်းရှင်းစွာနဲ့ ရန်သူကိုမိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို ကိုယ့်လူဖြစ်အောင်၊ ကျမတို့ရဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ ခရီးချီနိုင်အောင်လို့ ကျမတို့ ဦးတည်သွားမှာဖြစ်ပါတယ်။”

အဖွဲ့ချုပ်ဆက်သွားရမယ့်ခရီးဟာ လပိုင်းနှစ်ပိုင်းလောက်သာ မဟုတ်ဘဲ နိုင်ငံတနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ရှေ့ထားပြီး ရာစုနှစ်ချီ မျှော်မှန်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အဖွဲ့ချူပ် အဖွဲ့ဝင်တွေ အနေနဲ့လည်း ပြည်သူတွေနဲ့ တသားတည်းရှိဖို့၊ ခံရတဲ့အချိန်မှာ အရှေ့ကခံပြီး စံရတဲ့အချိန်မှာ နောက်ကနေသာစံဖို့ပဲ စဉ်းစားကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီတကြိမ် ပါတီဗဟိုကော်မတီစည်းဝေးပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်လောင်း ရွေးချယ်မယ့် မူဘောင်စည်းမျဉ်းတချို့  ထုတ်ပြောခဲ့ပြီး ဒီထဲ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု စီးပွားအင်အားတွေကို ချပြရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

“ကျမတို့ရဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ နေရာရဖို့၊ ရာထူးရဖို့၊ အာဏာရဖို့၊ အခွင့်အရေးရဖို့ ကျမတို့ ဦးတည်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ၊ ကျမတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သားမှုရှိရမယ် ဆိုတာဟာ အမှန်တော့ အဖွဲ့ချုပ်ကို ကိုယ်စားပြုသူများဟာ နိုင်ငံအကျိုးကို ဆောင်ရွက်ရင်းနဲ့ ကိုယ့်အကျိုးကို မဆောင်ရွက်ဖို့ သဘောဆောင်ပါတယ်။”

အဖွဲ့ချုပ်ဟာ ၂၇ နှစ်လုံးလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေနဲ့ အဲ့ဒီ အခက်အခဲတွေကို ကျော်လွှားခဲ့ရပြီး ဒီအတိုင်းပဲ ဆက်သွားဖို့လိုတယ်လို့လည်း ပြောပါတယ်။

ဒီနှစ်မှာ အရေးကြီးဆုံးအချက်က ရွေးကောက်ပွဲ ချောချောမွေ့မွေ့ ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲအလွန်မှာ အားလုံးပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဖြစ်ဖို့ လိုကြောင်းလည်း ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့က ကျင်းပခဲ့ပြီး အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ဗဟိုကော်မတီဝင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013