
မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် အဝေးပြေးကားတွေရဲ့ ကားလက်မှတ်ဈေးနှုန်းတွေ အရင်ကထက် ၂ ဆကျော်အထိ မြင့်တက်လာတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
အရင်က ရန်ကုန်-နေပြည်တော်ကို ကားလက်မှတ်ခနှုန်းထားမှာ ကျပ် ၂၁,၀၀၀ ဖြစ်ပြီး အခုအခါ ကျပ် ၄၅,၀၀၀၊ ရန်ကုန်-မန္တလေး ကားလက်မှတ်ခနှုန်းထားတွေကတော့ ကျပ် ၂၃,၀၀၀ ကနေ ၅၀,၀၀၀ အထိမြင့်တက်သွားတာဖြစ်ပါတယ်။
စက်သုံးဆီဈေးနှုန်း မြင့်တက်မှုအပြင် ယာဉ်အပိုပစ္စည်းဈေးနှုန်းတွေနဲ့ ထိန်းသိမ်းစရိတ်လည်း မြင့်တက်လာတာကြောင့် ကားလက်မှတ်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ယာဉ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
အဝေးပြေးယာဉ်လုပ်ငန်းရှင်တယောက်က “ဆီဈေးတက်လာတာကြောင့် ယာဉ်ပြေးဆွဲစရိတ်တွေ အရမ်းမြင့်တက်လာပါတယ်။ မတက်ဘဲမဖြစ်တဲ့ အခြေအနေကြောင့် ကားလက်မှတ်ဈေးကိုလည်း မြှင့်တင်ထားရတာပါ” လို့ ပြောပါတယ်။
ကားလက်မှတ်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ခရီးသွားပြည်သူတွေအတွက် ခရီးစရိတ် ပိုမိုမြင့်တက်လာပြီး နေ့စဉ်သွားလာရေးအတွက် အခက်အခဲ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။
ခရီးသွားပြည်သူတယောက်က “အရင်က အဝေးပြေးသွားရင် ဈေးနှုန်းက အဆင်ပြေပါတယ်။ အခုတော့ လက်မှတ်ဈေးတွေ တက်လာတာကြောင့် ခရီးသွားဖို့တောင် စဉ်းစားရတဲ့ အခြေအနေ ဖြစ်လာပါတယ်” လို့ပြောပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပါက အဝေးပြေးကားလက်မှတ်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။
လတ်တလော ဖြစ်ပွားနဲ့ အီရန်စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခ အခြေအနေတွေကြောင့် ကမ္ဘာတဝန်း စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်နေတာမှာ ရန်ကုန်မှာလည်း တပတ်အတွင်း ဓာတ်ဆီ တလီတာ ကျပ် ၃၀၀ ကျော်နဲ့ ဒီဇယ်တလီတာ ကျပ် ၅၀၀ ကျော် စျေးတက်လာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က စက်သုံးဆီဈေးနှုန်းမှာ ၉၂ တလီတာ ၂၅၃၄ ကျပ်၊ ၉၅ တလီတာ ၂၅၉၅ ကျပ်၊ ဒီဇယ်တလီတာ ၂၆၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၀၅ ကျပ် ဖြစ်ပြီး အခုတပတ်မှာတော့ ၉၂ တလီတာ ၂၈၃၀ ကျပ်၊ ၉၅ တလီတာ ၂၉၃၀ ကျပ်၊ ဒီဇယ်တလီတာ ၃၂၀၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၅၆၀ ကျပ် ဖြစ်ပါတယ်။










