DVB Logo
Home
မြန်မာသတင်း
မဲစာရင်းစိစစ်ရေး အင်တိုက်အားတိုက်လုပ်ရန် အန်အယ်လ်ဒီ ဆုံးဖြတ်
DVB
·
June 21, 2015
မဲစာရင်းစိစစ်ရေး အင်တိုက်အားတိုက်လုပ်ရန် အန်အယ်လ်ဒီ ဆုံးဖြတ်
1 / 7
Donate to DVB

မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက်လုပ်ဆောင်သွားဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ပါတီဗဟိုကော်မတီက အပြီးသတ်ဆုံးဖြတ်မယ်လို့လည်း ကြေညာလိုက်ပါတယ်။

ဒီတကြိမ် ပါတီဗဟိုကော်မတီစည်းဝေးပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်လောင်းရွေးချယ်မယ့် မူဘောင်စည်းမျဉ်းတချို့ ထုတ်ပြောခဲ့ပြီး  ဒီထဲ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ သူ့ရဲ့ ပိုင်ဆိုင်မှု စီးပွားအင်အားတွေကို ချပြရမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချပြခဲ့ရာမှာလည်း တိကျမှန်ကန်တဲ့ မဲစာရင်းဖြစ်ပေါ်လာဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံညှိနှိုင်း လုပ်ဆောင်သွားမယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် မူဝါဒများချမှတ်သွားမယ်၊ မဲစာရင်း စိစစ်ရေးကိစတွေကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာမှ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ကြေညာသွားမယ်လို့ အရင်ကတည်းက ထုတ်ဖော်ပြောဆိုထားပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုတင် လုပ်ကိုင်ဆောင်ရွက်နေတာကိုတော့ အခုစည်းဝေးပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။

အဖွဲ့ချုပ်က မဲစာရင်းစိစစ်ရေးလုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ချိန်ဟာ နိုင်ငံတ၀န်း ကပ်ထားတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ အကြီးအကျယ် ကွဲလွဲ မှားယွင်းနေချိန် ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရဖို့နဲ့ အဖွဲ့ချုပ်ကို ပေးတဲ့မဲတွေ အဟောသိကံ မဖြစ်ရအောင် မဲစာရင်းကိစ္စ အင်တိုက်အားတိုက်လုပ်ဖို့ ဆုံးဖြတ်တာလို့ ပြောပါတယ်။

“မဲစာရင်းကြေညာတဲ့ ပထမ နှစ်သုတ်မှာ ကျနော်တို့ မြို့နယ်တိုင်း မြို့နယ်တိုင်း သွားစစ်တော့ အမှားတွေက အများကြီးပဲ၊ အမှားနည်းတဲ့ မြို့နယ်က ၃၀ ရာခိုင်နှုန်းရှိပြီး အမှားများတဲ့ မြို့နယ်က ၈၀ ရာခိုင်နှုန်း ရှိတယ်။ အဲ့ဒီလို အမှားအယွင်းတွေ များနေရင် နိုင်ငံသားတိုင်းရရမယ့် အခွင့်အရေး ဆုံးရှုံးနိုင်တယ်၊ တစ်အချက်၊ နှစ်အချက်က ကျနော်တို့ကို ထောက်ခံတဲ့ မဲတွေက အဟောသိကံ ဖြစ်မယ်။”

မဲစာရင်းကပ်တဲ့အခါ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မဲစာရင်းတွေ သွားရောက်ကူးယူပြီး တအိမ်တက်ဆင်း လိုက်လံမေးမြန်း တိုက်ဆိုင်စစ်ဆေးမယ်၊ အချက်အလက် မှားနေတာတွေ့ရင် ပြင်ဆင်ဖို့ တောင်းဆိုစေမယ် စတဲ့ လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဖွဲ့ချုပ် ပါတီဗဟိုကော်မတီစည်းဝေးပွဲကို ရန်ကုန်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမှာ ဇွန်၂၀ နဲ့ ၂၁ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013