
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ရွာကို စစ်တပ်က ဒရုန်းယာဉ်နဲ့ ဇွန် ၉ ရက် ညနေ ၅ နာရီခန့်က ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြန်လှည့်ရွာခံတယောက်က “ရွာတောင်ပိုင်းက ဗိမာန်အနီး ကြဲချတာ။ ကြဲတဲ့ဗုံးသီးက တလုံးတည်းရယ်ရှင့်။ အထိအခိုက်က ကလေးငယ် ၃ ဦးနဲ့ လူကြီး ၃ ဦး၊ စုစုပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ အသေအပျောက်ကတော့ မရှိဘူး။ ဒဏ်ရာရတာပဲ ရှိခဲတာရှင့်” လို့ ပြောပါတယ်။
အဆိုပါဒရုန်းယာဉ်ဟာ ယင်းမာပင်မြို့ အရှေ့ဘက် နောရိုးရွာ၊ ကောင်းဆင့်ရွာနဲ့ ရွာသာယာ အထိုင်စခန်းမှ စစ်ကောင်စီတပ်က လွှတ်တင်ပြီး တိုက်ခိုက်သွားတာလို့ သိရပါတယ်။
ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “အခုဟာက ဘာတိုက်ပွဲမှမရှိဘဲ တိုက်ခိုက်တာဆိုတော့ နယ်ချဲ့လာချင်တဲ့သဘော ဖြစ်လိမ့်မယ်။ ပြည်သူတွေအနေနဲ့ စကစရဲ့အနီးမှာ နေထိုင်းခြင်း မပြုကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ရက် ၁၀၀ စီမံကိန်းအတွင်း နယ်မြေစိုးမိုးဖို့ ကြိုးစားရာမှာ အဆက်အသွယ် အချက်အချာကျတဲ့ လမ်းပိုင်းတွေကို ပြန်လည်ရယူဖို့ ကြိုးစားလာတာလည်း တွေ့ရပါတယ်။
အိမ်ခြေ ၁,၀၀၀ နီးပါးခန့်ရှိတဲ့ ပြန်လှည့်ရွာဟာ ကနီ-ချောင်းမ-ပြန်လှည့်-ကောင်းဆင့် ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ တည်ရှိပါတယ်။











