
(၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ မှာ ဇူလိုင် ၂၁ ရက် ဒီကနေ့ တရားဝင် စတင်ကျင်းပနေတာမှာ မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရဘဲ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက် လာပါတယ်။
ဇူလိုင် ၂၀ ရက်ကနေ ၂၄ ရက်အထိ ကျင်းပနေမဲ့ ဒီအစည်းအဝေးမှာ စွမ်းအင်၊ စားနပ်ရိက္ခာ၊ မြန်မာ့ အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေက အဓိက လွှမ်းမိုးနေတယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့်ဖြစ်လာတဲ့ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကို ကာကွယ်နိုင်ဖို့ အာဆီယံနိုင်ငံတွေက ဆွေးနွေးနေကြပါတယ်။
ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီးလည်း မကြာသေးခင်က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ဝန်ကြီးတွေနဲ့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ပထမဆုံးအကြိမ် လူကိုယ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့တဲ့ကိစ္စကိုလည်း ဒီအစည်းအဝေးမှာ အဓိကထား ဆွေးနွေး သွားမှာပါ။
ဒါပေမဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိမချင်း အာဆီယံထိပ်သီးအစည်းအဝေးတွေကို စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ သူခန့်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် တမ္ပဒီပအင်စတီကျုရဲ့ ညွှန်ကြားရေးမှူး ဦးခင်ဇော်ဝင်းကတော့ မြန်မာရဲ့ ကတိကဝတ်တွေအပေါ် အာဆီယံက မယုံကြည်သေးဘူးလို့ ပြောတဲ့အကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
“အာဆီယံနိုင်ငံတွေက အရူးတွေ မဟုတ်ပါဘူး၊ မြန်မာက ဘုံသဘောတူညီချက် ၅ ရပ်ကို လက်ခံ ထားပေမဲ့ ဘာမှမလုပ်ဘူးဆိုတာ သူတို့ သိကြပါတယ်” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းလုပ်သား အများအပြား ရှိနေတာကြောင့် မြန်မာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေတာဟာ ထိုင်းရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးအတွက်လည်း တရုတ်နိုင်ငံနဲ့ အာဆီယံကြား ခိုင်မာ ထိရောက်တဲ့ ကျင့်ဝတ်လုပ်ထုံး ပေါ်ပေါက်လာဖို့ ဆွေးနွေးသွားကြမှာပါ။
အခုဆွေးနွေးမှုဟာ တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် တောင်းဆိုချက်တွေကို ပယ်ချ ခဲ့တဲ့ နိုင်ငံတကာ အနုညာတ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ၁၀ နှစ်ပြည့်အပြီးမှာ ပေါ်ပေါက်လာတာပါ။
ဒီအစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်တို့အပါအဝင် မိတ်ဖက်နိုင်ငံတွေက ဝန်ကြီးတွေ တက်ရောက်ဖို့ ရှိနေပါတယ်။
Photo: Reuters











