DVB Logo
Home
Lead Story
မြန်မာ့အတိုက်အခံခေါင်းဆောင် တရုတ်ခရီးစဉ်ဘာကြောင့်သွားခဲ့သလဲ
DVB
·
June 20, 2015
မြန်မာ့အတိုက်အခံခေါင်းဆောင် တရုတ်ခရီးစဉ်ဘာကြောင့်သွားခဲ့သလဲ
1 / 18
Donate to DVB

မြန်မာနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဝင်စားဖွယ် တရုတ်နိုင်ငံ ငါးရက်တာရီးစဉ်ကို အဆုံးသတ်ပြီး တနင်္ဂနွေနေ့ (ဇွန်၁၄) မှာ  ပြန်လာခဲ့ပါတယ်။

ဒီခရီးစဉ်က တရုတ်-မြန်မာ နှစ်နိုင်ငံ ရေရှည်ဆက်နွှယ်မှုကို ဘာတွေ လုပ်ပေးနိုင်လိမ့်မလဲဆိုတာ အချိန်ကသာ ပြောပြပေးနိုင်ပါလိမ့်မယ်။ ဘာတွေရှင်းရှင်းတွေ့ရ သလဲဆိုရင်တော့ ဒီခရီးစဉ်ဟာ ဘေဂျင်းက တရုတ်အစိုးရဟာ သူ့ရဲ့တောင်ပိုင်း အိမ်နီးချင်း မြန်မာနဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်တိုးတက်လာဖို့ ကြိုးပမ်းအားထုတ်မှုရဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ပါလိမ့်မယ်။

စစ်အစိုးရကနေ အမည်ခံအရပ်သားအစိုးရလို့ ပြောင်းလဲလိုက်ချိန် ၂၀၁၁ ခုနှစ်ကတည်း က တရုတ်-မြန်မာဆက်ဆံရေးဟာ ကနဦး မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းရပ်ဆိုင်းတာ၊ မကြာ သေးခင်ကမှ ဖြစ်ခဲ့တဲ့ နယ်စပ်ကိုးကန့်ဒေသက နှစ်နိုင်ငံကြားတိုက်ပွဲတွေကြောင့် တဖြည်းဖြည်း ယိုယွင်းလာနေခဲ့တာပါ။ နှစ်နိုင်ငံကြားဆက်ဆံရေး အဓိက တိုးတက်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်တဦးတည်း အားထုတ်ကြိုးပမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တရုတ်နဲ့ ဆက်ဆံရာမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပုံသဏ္ဍာန်မျိုးစုံအတွက် အဖိုးတန်တဲ့ အမြင် အတွေးတွေ အနည်းဆုံးတော့ သူရသင့်ပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ဟာ ဇွန်လ ၈ ရက် နေ့မှာကျရောက်တဲ့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာကျင်းပအပြီးသွားခဲ့တာလို့ အများကပြောကြပါတယ်။ ပါတီချင်း နိုင်ငံရေးအဆင့် စီစဉ်သွားရာက်ခဲ့တဲ့ ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိက ပါတီဥက္ကဋ္ဌနဲ့ နိုင်ငံ့ခေါင်းဆောင် သမ္မတရှီကျင်းပင်၊ ၀န်ကြီးချုပ် လီကီကျန်းတို့နဲ့တွေ့ဆုံမှုတွေ ပါဝင်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ခုချိန်ထိအားလုံးက စိတ်ဝင်တစားနဲ့ အရမ်းသိချင်နေတဲ့ အရာတစ်ခုဖြစ်နေတုန်းပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အန်အယ်လ်ဒီက ကြေညာခဲ့ပါသေးတယ်။ ဒီကြေညာချက်ဟာ တရုတ်နိုင်ငံဘက်က အဲဒီအစီအစဉ်ကို အတည်ပြုမပေးခဲ့သလို အကောင် အထည်လည်း ပေါ်မလာခဲ့ပါဘူး။

သံသယဖြစ်ဖွယ်ကောင်းတာတခုက ခုခရီးစဉ်ဟာ မကြာသေးခင်က ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွက် နောက်ထပ်ဆိုးလာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကောင်းလာဖို့နဲ့ မေးခွန်းထုတ်စရာ အခြေအနေတွေအတွက် နှစ်ဘက်စလုံး စိတ်ကျေနပ်မှုရစေမယ်လို့ ယူဆရပါတယ်။ တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ပါတီချင်း အောင်မြစ်စွာ ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်ခဲ့ပြီး လက်ရှိ အမြင့်ဆုံးရာထူး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးသာဖြစ်တဲ့ အတိုက်အခံပါတီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာ ဖြစ်နိုင်ပါတယ်။

ဘာတွေဆွေးနွေးခဲ့တယ်၊ ဘာတွေသဘောတူခဲ့တယ်ဆိုတာကို ခုချိန်ထိထုတ်ဖော်ပြော ကြားခြင်းတော့ မရှိသေးပါဘူး။ နိုင်ငံရပ်ခြား မြန်မာ့အကျိုးစီးပွားအတွက် ပြည်သူ့ကိုယ်စား လုပ်ဆောင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်တွေ့ နိုင်ငံရေးသမား တယောက်ဖြစ်စေဖို့   ဒီခရီးစဉ်ဟာ အဆုံးအဖြတ်ပဲဆိုတာလည်း ထင်ရှားနေပါသေးတယ်။

မြန်မာနိုင်ငံရဲ့နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံခရီးစဉ်ဟာ အနောက် နိုင်ငံတွေနဲ့သာ ပိုမိုရင်းနှီးပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တွက် အင်မတန်သွားခဲတဲ့ ခရီးစဉ်တခုလည်း ဖြစ်နေပြန်ပါသေးတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ပိုင်းမှာလည်း သွားကိုသွားရမယ့် ခရီးစဉ်တွေထဲမှာ ထည့်သွင်းထားရမယ့်ခရီးစဉ်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

တရုတ်ခေါင်းဆောင်တွေအနေနဲ့ ဒီခရီးစဉ်ကို နှစ်နိုင်ငံအပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ရည်ရွယ်တာလို့ ဖော်ပြပါအချက်တွေက ပြောနေပါတယ်။ ဟိုးနှစ်ပေါင်းများစွာတည်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လုပ်ဆောင်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးစနစ်ကို ကာလရှည်ကြာပံ့ပိုးပေးခဲ့တဲ့ တရုတ်နိုင်ငံတို့အကြား အတိတ်သမိုင်းမှာရှိခဲ့တဲ့ ဆက်ဆံရေးကြဲနေတဲ့ အခြေအနေမှာ ဒီရည်ရွယ်ချက်က သိပ်တော့အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်းပင်က မြန်မာ့ပြည်တွင်း နိုင်ငံရေးပြောင်းလဲမှုတွေ ဘယ်လိုရှိပါစေ၊ တရုတ်-မြန်မာနှစ်နိုင်ငံကြားဆက်ဆံရေးကို အပြုသဘောဆောင်တဲ့ အခြေအနေ တခုအဖြစ် ရှုမြင်မှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သမ္မတရှီက တရုတ်နိုင်ငံအနေနဲ့ မဟာဗျူဟာမြောက်အခြေအနေနဲ့ ရေရှည်အကျိုးမျှော်လင့်ပြီး မြန်မာနိုင်ငံကို ကြည့်ရှုသွားမယ်လို့လည်း ဆက်ပြောပါသေးတယ်။ အဲဒီမှတ်ချက်နှစ်ခုလုံးက ဘာကိုညွှန်ပြနေသလဲဆိုရင် ဘေဂျင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်နွယ်မှုအပေါ် ထူးထူးခြားခြား စိတ်ဝင်စားမှုရှိတယ် ဆိုတာကို ပြလိုက်တာပါပဲ။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းကို ဖိတ်ခေါ်ခဲ့တာလဲ။

မြန်မာနိုင်ငံနဲ့ အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြား ဆက်ဆံရေးတွေက ယခင် စစ်အစိုးရဆင်းသွားပြီးနောက်  ယေဘုယျအားဖြင့် တိုးတက်လာခဲ့တယ်လို့ဆိုရမှာ ဖြစ်ပေမယ့် တရုတ်နဲ့မြန်မာနှစ်နိုင်ငံဆက်ဆံရေးကတော့ ၂၀၁၁ ခုနှစ်ကတည်းက ကိစ္စအတော်များများမှာ စမ်းသပ်ခံ အခြေအနေဖြစ်နေဆဲလို့ပြောရမှာပါ။

နှစ်နိုင်ငံကြား ကုန်သွယ်ဆက်ဆံရေး ဆက်လက်အားကောင်းနေပြီး ဗျဟာအရ ထင်ရှားအရေးပါတဲ့ နိုင်ငံဖြတ်ကျော် ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းပြီးစီးသွားပေမယ့်  ဦးသိန်းစိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါင်းများစွာဟာ တရုတ်အပေါ်ကို ပြင်းပြင်း ထန်ထန်ရိုက်ခတ်ခဲ့ပြီး တရုတ်နိုင်ငံကွန်မြုနစ်ပါတီအတွက် သိပ်ကို အရေးပါတဲ့ကိစ္စတွေ မှာတောင် နေပြည်တော်က မြန်မာအစိုးရကို သူရဲ့ သြဇာ မလွှမ်းမိုးနိုင်ဖြစ်နေရပါတယ်။

လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကတည်းက တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ခုချိန်ထိဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေခဲ့တဲ့ တခုတည်းသော ခက်ခဲတဲ့အရေးကိစ္စတခုဖြစ်နေပါတယ်။ ဒါပေမယ့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘေဂျင်း အမြင်တွေအပြန်အလှန်ဖလှယ်စေဖို့ အကြောင်းရင်း တခုတော့မဟုတ်သေးပါဘူး။ ဒါဆို ဘာကြောင့်များ ကွန်မြူနစ်ခေါင်းဆောင်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာလဲ။

ပထမအချက်အနေနဲ့ တရုတ်ခေါင်းဆောင်တွေဟာ ဒေါ်စုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်းတည်ဆောက်ချင်တယ်။ မှန်းမျှော်တွေ့မြင်နိုင်တဲ့ မြန်မာ့နိုင်ငံရေးအနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ စံသတ်မှတ်ချက်တွေအရ  သမ္မတအဖြစ် ရွေးချယ်မခံရ ရင်တောင် သူဟာ မြန်မာ့နိုင်ငံရေးမှာ ထိပ်တန်းအရေးပါတဲ့အခန်းကဏ္ဍမှာ ရှိသူဆိုတာ တရုတ်က သတိပြုမိပါတယ်။

ဒုတိယအချက်အနေနဲ့ နှစ်နိုင်ငံအကြား အားကောင်းကောင်းနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ စီးပွားရေးဖလှယ်မှုနဲ့ပတ်သက်ပြီး  စိတ်ကူးစိတ်သန်းတွေ၊ အစီအစဉ်တွေနဲ့ အစပျိုးလုပ်ဆောင်နေတာတွေက ဘေဂျင်းနဲ့ တရုတ်နိုင်ငံအနှံ့အပြားမှာရှိနေတာပါ။ အဲဒီအရာတွေအားလုံးက မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအရထောက်ခံအားပေးမှုအပေါ် မူတည်နေပါတယ်။

ဒီထဲမှာ ယူနန်ပြည်နယ် နဲ့ ဘင်္ဂလားပင်လယ်အော်ကြား ရထားလမ်းဆက်သွယ်မှု၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းမှာ တရုတ်နိုင်ငံရဲ့ပါဝင်မှု၊ ဘင်္ဂလားဒေ့ရှ်၊တရုတ်၊အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေအကြား ဒေသတွင်းဆက်သွယ်မှုဆိုင်ရာ“One Belt, One Road” လို့အမည်ပေးထားတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာအစီအစဉ်တွေပါဝင်ပါတယ်။ ဘေဂျင်းအနေနဲ့  ဒါတွေဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက် အကျိုးအမြတ်ရနိုင်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် လက်ခံယုံကြည်စေချင်သလို  အခြေခံအဆောက်အုံနဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းသစ်တွေမှာ ဒေါ်စုကထောက်ခံမှုပေးနိုင်တယ်ဆိုတာကိုလည်းတရုတ်တို့ သံသယမရှိပါဘူး။  တရုတ်ခေါင်းဆောင်တွေဟာ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းရပ်ဆိုင်း ထားတာကို နောင်အစိုးရသစ်ကပြန်ရုပ်သိမ်းမယ့် အလားအလာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမြင်ကို သိရဖို့ မေးကြည့်ကောင်းမေးကြည့်နိုင်ချေရှိပါတယ်။

တတိယအချက်ကတော့ တရုတ်ခေါင်းဆောင်တွေက  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးထူထောင်လိုက် ခြင်းအားဖြင့်  အတိတ်ကအဖြစ်အပျက်တွေနဲ့ဆန့်ကျင်ပြီး တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့မိတ်ဖက်နိုင်ငံအဖြစ်ပူးပေါင်းဆောင် ရွက်ဖို့အသင့်ရှိနေ တယ်ဆိုတာကို  မြန်မာပြည်သူတွေကို အချက်ပြအသိပေးဖို့လည်းမျော့်လင့်ထားပါတယ်။

အဆုံးမှာတော့ ယခင်စစ်အစိုးရနဲ့တရုတ် ကုမ္ပဏီတွေကြားက ပွင့်လင်းမြင်သာမှုအပြည့်အ၀မရှိ လုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အငြင်းပွားဖွယ်ရာဆက်ရှိနေတဲ့တရုတ်ကုမ္ပဏီတွေရဲ့ ဆောင်ရွက်ချက်တွေအတွက်   မြန်မာကို သိသာထင်ရှားတဲ့ ပြည်သူ့ဆက်ဆံရေးဆုလာဘ် တစ်ခုပေးနိုင်လိုက်တာကို ဘေကျင်းက ကျေနပ်ဂုဏ်ယူတာပါပဲ။

တရုတ်ရဲ့ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းထားတာတောင်  ကိုးကန့်ပဋိပက္ခအပေါ်မှာ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ မြို့ပေါ်လူထုတွေအကြား တရုတ်ကွန်မြူနစ်ပါတီရဲ့ပုံရိပ်ထပ်ပြီး ထိခိုက်လာမှာကို သူတို့  ထပ်တူ နားလည်ထားပါတယ်။

စတုတ္ထအချက်အနေနဲ့ကတော့ ဘေကျင်းနဲ့ နေပြည်တော်ဆက်ဆံရေးပြဿ   နာရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းမှာလက်ခံတွေ့ဆုံခြင်းဟာ စစ်သားအရပ်သား ပေါင်းစပ်ထားတဲ့ အာဏာရ မြန်မာအစိုးရကို နိုင်ငံရေးသတင်းစကားပါး လိုက်ပုံ လည်းရပါတယ်။

ဒေါ်စုရဲ့အလည်အပတ်ခရီးစဉ်ဟာ ဦးသိန်းစိန်ဆီက သမ္မတရာထူးကို လက်လွှဲရယူဖို့အတွက် အင်အားကြီးယှဉ်ပြိုင်ဘက် လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းရဲ့ ၂၀၁၅ ဧပြီလနှောင်းပိုင်းမှာ သွားခဲ့တဲ့ခရီးစဉ်နောက်မှာသွားရောက်ခဲ့တာပါ။ ဒါပေမယ့် တရုတ်နိုင်ငံခေါင်းဆောင်သမ္မတ ရှီကျင်းပင်အပါအ၀င် အခြားတရုတ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံမှုဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းက လာရောက်တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံမှုနဲ့နှိုင်းစာရင်ပိုအရေးပေးခဲ့တာကိုတွေ့ရမှာပါ။ ဦးဝဏ္ဏမောင် လွင်ဟာ တရုတ်-မြန်မာနယ်စပ်ဗုံးကျပြီး  တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ သမ္မတကြီးရဲ့ အထူးသံတမန်အဖြစ်တာ ၀န်ပေးချက်အရ သွားရောက်ခဲ့တာပါ။

ဒါဟာ သတိထားရမယ့် အစီအမံနဲ့လုပ်ဆောင်ချက် တွေဖြစ်ပြီး  မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးစစ်ရေးဆုံးဖြတ်ချက်ချသူခေါင်းဆောင်တွေကို အတိုင်းအတာတခုထိ စိတ်ပျက်စေရုံမက ထိရှလွယ်တဲ့ကိစ္စတွေမှာ ဆက်ဆံရေး လမ်းကြောင်းသစ်ဖွင့်ဖို့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ အမြင့်ဆုံးအဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ပထ၀ီနိုင်ငံရေး အားပြိုင်မှု နောက်ခံအခြေအနေမှာ   ၀ါရှင်တန်ကို  အချက်ပြမှုတခုလည်းဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေနဲ့ ကာလကြာရှည်နီးနီး ကပ်ကပ်ဆက်ဆံမှုတွေရှိနေခဲ့ပြီး တကယ်လို့ နိုင်ငံဦးဆောင်တာဝန်ယူရချိန်မှာ မြန်မာနိုင်ငံရဲ့ ယေဘုယျ နိုင်ငံခြားရေးမူဝါဒအပေါ် အကျိုးဆက်ဖြစ်လေမလားဆိုတာကို  လေ့လာသုံးသပ်သူ တချို့ အတွက်တော့  မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ဘေဂျင်းဘက်က အမြင်ကတော့ မြန်မာနိုင်ငံရဲ့ ဖြောင့်ဖြောင့်တန်းတန်းမရှိ ကျန်ရှိနေသေးတဲ့ လုပ်ဆောင်စရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆတာပါ။

နေပြည်တော်အစိုးရဟာ ဒီလက်ရှိနိုင်ငံခြားရေးမူဝါဒကို မပြောင်းလဲခင်မှာပဲ ၂၀၁၁ ခုနှစ်ကတည်းက အထူးသဖြင့် ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေဆီကို နီးနီးကပ်ကပ်ရွေ့လျား နေတာကိုထင်ထင်ရှားရှားတွေ့ရပါတယ်။ အမှန်တကယ်ကတော့ ဒါဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ ပြောင်းလဲလာမယ့်အစိုးရရဲ့ ပုံစံပေါ်မူတည်နေပြီးတော့ အိုဘား မားအစိုးရအနေနဲ့ လက်ရှိမြန်မာနဲ့ စစ်ရေးဆက်နွယ်မှုအခြေအနေကို ပြန်လည်သုံးသပ်ရမယ့် အခြေအနေဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်သာ အနာဂတ်နိုင်ငံရေး လုပ်ကိုင်ခွင့်အာဏာကိုရှိပိုင်ဆိုင်ခဲ့ရင် သူ့အနေနဲ့ နေ ပြည်တော်နဲ့ဘေဂျင်းကြားက ဆက်ဆံရေးကို ဂရုတစိုက်ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ တရုတ်ခေါင်းဆောင်တွေ က ရှင်းရှင်းလင်းလင်းမျှော်လင့်ထားတာပါ။

နှစ်နိုင်ငံဆက်ဆံရေးအတွက် ဆက်နွှယ်ပတ်သက်မှုများ

ရေရှည်မှာဆိုရင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေးသစ် စတင်မှုအဖြစ်ရှုမြင်ကောင်းရှုမြင်နိုင်ပါတယ်။ လက်၇ှိကာလတိုမှာတော့ တရုတ်နိုင်ငံနဲ့ သိန်းစိန်အစိုးရအကြား နိုင်ငံရေးပဋိပက္ခ အနည်းဆုံး နယ်စပ်ပြသနာ လျင်မြန်စွာဖြေရှင်းနိုင်ဖို့ အလှမ်းကွာနေပါသေးတယ်။

ဘေဂျင်းကတော့ ကိုးကန့်ပဋိပက္ခဟာ  မြန်မာနိုင်ငံတွင်းက အစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေလိုပဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရ မယ်ဆိုတာကို အခိုင်အမာ ကိုင်စွဲထားဆဲပါ။ ၂၀၁၅ ဖေဖော်ဝါရီလတည်းက အမ်အန်ဒီအေအေ ကိုးကန့်တပ်တွေနဲ့ တိုက်ပွဲမှာ ရာနဲ့ချီသေကျေဒဏ်ရာရခဲ့တဲ့ မြန်မာစစ်တပ်ဟာ ကိုးကန့်အထူးဒေသဖြစ်စဉ်ပေါ် အတော်လေး အမျက်ထွက်နေခဲ့ပုံပါပဲ။

အခြားတဖက်ကကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အချို့ နေရာတွေမှာ တရုတ်ရဲ့ ဖုံးကွယ်ထားတဲ့ လက်တံကိုမြင်နေရပြီး ဒီအမြင်က စစ်ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာဖို့ အားဖြည့်ပေးဖို့ဖြစ်လာ နိုင်ဖွယ်ရှိပါတယ်။ အမှန်တကယ်တော့ နယ်စပ်ဖြတ်ကျော် နောက်ထပ်တိုက်ခိုက်မှုတွေမှာ တရုတ်အစိုးရက ခိုင်မာပြတ်သားတဲ့ ကြိမ်းဝါးမှုတွေရှိလင့်ကစား မြန်မာစစ်တပ်ကတော့ နိုင်ငံရေးအရ အဖြေရှာဖို့ထက် စစ်ရေးနဲ့သာ အဖြေရှာနေခဲ့တာပါ။

အခုနောက်ပိုင်းဖြစ်ရပ်တွေမှာပါဝင်တဲ့ တရုတ်အရပ်သားတွေ လွှဲမှားပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို အမြဲတမ်းပုံမှန်အကောင်းအတိုင်း ပြန်ဖြစ်ဖို့မလွယ်ပါဘူး။ တရုတ်နိုင်ငံဘက်က တုံ့ပြန်မှုအနေနဲ့ နယ်စပ်မှာစစ်ရေးလေ့ကျင့်မှုတွေလုပ်ကာ သံတမန်ရေးအရဖိအားပေးခဲ့ချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ်အတွင်း ဇွန်လ ၁၁ ရက်နေ့မှာ ကိုးကန့် တပ်ဖွဲ့တွေက တစ်ဖက်သတ် စစ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာအစိုးရကတော့  သူရဲ့ စစ်ရေးအရအဖြေရှာမှုကို ပြန်စဉ်းစားဖို့ ငြင်းဆန်ဆဲပါ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး တီအန်အယ်လ်အေနဲ့  ရခိုင်တပ်မတော် (အေအေ)နဲ့  အမ်အန်ဒီအေအေ ကိုးကန့်တပ်တွေကို ဖယ်ထုတ်ထားတဲ့ အနေအထားကနေ ဘယ်လို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ်ကို အချိန်မီလုပ်ဆောင် နိုင်မှာပါလဲ။

လတ်တလော တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးညီလာခံမှာ ၀နဲ့ ကချင်လို မြန်မာနိုင်ငံရဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုးကန့်နဲ့ တခြားမဟာမိတ် အဖွဲ့ ၂ ဖွဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေးမှာ ပါဝင်ဖို့ အတိအကျတောင်းဆိုပါတယ်။  ဒါပေမယ့် ဇွန်လက လော်ခီးလာမှာ  ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးပွဲက အခြေခံအားဖြင့် ကွဲပြားခြားနားတဲ့ ရလဒ်ထွက်မလာပါဘူး။  ဒါကြောင့်  ကိုးကန့်မှာ တိုက်ပွဲတွေဖြစ်နေရင်  တနိုင်ငံလုံး ဒါမှမဟုတ် အနည်းဆုံး အားလုံးပါဝင်တဲ့ အပစ်ရပ်သဘောတူညီချက် ခုချိန်မှာ ဖြစ်နိုင်ချေနည်းတယ်လို့ ထင်ရပါတယ်။

မြန်မာခေါင်းဆောင်တွေမှာ တရုတ်နဲ့ဆက်ဆံရေးကိုသူတို့ဘယ်လို သတိထား ချည်းကပ် ရမလဲဆိုတာ အကြောင်းပြချက်ကောင်းတွေအများကြီးရှိနေပါတယ်။ ပြီးတော့ နေပြည်တော်မှာရှိတဲ့ တချို့ အမြင်တွေမှာ  မြန်မာနိုင်ငံအပေါ်တရုတ် ဖိအားပေးမှုတိုးလာခဲ့တာနဲ့ အမျှ  မဝေးတဲ့ နောင်အနာဂတ်မှာလည်း ဖိအားတွေ ဆက်ရှိနေလိမ့်ဦးမယ့်ပုံပေါ်တယ်လို့ ရှုမြင်သုံး သပ်ပါတယ်။

ဦးသိန်းစိန်အစိုးရဟာ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကို သဘောတူညီမှုဆက်ရှိနေဦးမယ် ဆိုရင်တော့ အဲဒီကနေ တိုးတက်မှုတွေရလာသင့်ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံလုံးကိုကိုယ်စားပြုတဲ့ သိပ်ကိုထူးခြားတဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ နှစ်ဘက်စလုံးက မတူညီတဲ့ ဗျူဟာတွေနဲ့ ရွေးလုပ်နေသမျှကာလပတ်လုံး ဒီအရာတွေကို ဘယ်လို အောင်မြင်စွာ ကျော်ဖြတ်နိုင်မလဲဆိုတာ  မြင်တွေ့ရဖို့ တော့ ခက်ခဲနေဦးမှာပါ။

မြန်မာနိုင်ငံအနေနဲ့ အနာဂတ်မှာတရုတ် နိုင်ငံနဲ့ ဆက်ဆံရေးကို ဘယ်လိုတိုးတက်ကောင်းမွန် အောင်လုပ်သင့်သလဲဆိုတဲ့ မေးခွန်းကိုသေချာပေါက်အောင်မြင် အောင်ဖြေနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ တွေးတောဆင်ခြင်စရာ အဖြေများစွာရှိပါလိမ့်မယ်။

ကိုးကား။ (The Diplomat  မဂဇင်းပါ လန်ဒန်စီးပွားရေးနှင့်နိုင်ငံရေးသိပ္ပံကျောင်း တွဲဖက်ပါမောက္ခ ဂျာဂဲန်ဟက်ခ်  Jurgen Haackeရဲ့  Why Did Myanmar's Opposition Leader Just Visit China? ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဖော်ပြသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ်မှ မှတ်တမ်းဓာတ်ပုံများ (ဓာတ်ပုံ - NLD Chairperson)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013