
အီရန်ကိုကူညီတာ ဒါမှမဟုတ် စီးပွားရေးလုပ်တဲ့ ဘယ်နိုင်ငံမဆို “အင်မတန်ပြင်းထန်တဲ့ စီးပွားရေး အကျိုးဆက်တွေ” ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၁၉ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။
ဒါဟာ အီရန်ရဲ့ စီးပွားရေးကို ပစ်မှတ်ထားတဲ့ အကြီးစားဖိအားပေး အစီအစဉ်သစ်ကို စတင် လိုက်တာလို့ ထရမ့်ပ်က ပြောပါတယ်။
“နိုင်ငံတနိုင်ငံအပေါ် လုပ်ဖူးသမျှထဲ အပြင်းထန်ဆုံး စီးပွားရေးစစ်ဆင်ရေး” ဖြစ်မယ်လို့လည်း Truth Social မှာ ရေးသားခဲ့ပါတယ်။
အီရန်ကို ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လေဆိပ်တွေ ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းတွေက တနည်းနည်းနဲ့ ကူညီထောက်ပံ့ရင် အဲဒီနိုင်ငံပါ စီးပွားရေးအရ အရေးယူခံရမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လိုအရေးယူမှုတွေ လုပ်မလဲ ဆိုတာနဲ့ ဘယ်နိုင်ငံတွေကို ပစ်မှတ်ထားမလဲ ဆိုတာကို တော့ ထရမ့်ပ်က အသေးစိတ် ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။
ဒီကြေညာချက်ဟာ အီရန်နဲ့ စစ်ပွဲ ခြောက်လနီးပါး ရှိလာပြီး သံတမန်ရေး ဒါမှမဟုတ် စစ်ရေးအရ အဆုံးသတ်နိုင်မဲ့လမ်းကြောင်း မမြင်ရသေးချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မကြာသေးခင်က ဒုံးကျည်တိုက်ခိုက်မှုတွေ လျော့ကျသွားပေမဲ့ အီရန်က ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုကို ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။
ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက် မူဘောင်လည်း ပျက်ပြားသွားခဲ့ပါတယ်။
ထရမ့်ပ်က ဩဂုတ် ၁၈ ရက်မှာ ဆွေးနွေးပွဲတွေ ရပ်တန့်သွားပြီလို့ ပြောခဲ့သလို ဟော်မုဇ် ရေလက်ကြားဟာ “အမေရိကန်ပိုင်နက်သစ်” ဖြစ်လာနိုင်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Source:Reuters











