
ဧရာဝတီတိုင်းမှာ စက်သုံးဆီ မှောင်ခိုသယ်ယူ ရောင်းချတယ်ဆိုပြီး အရပ်သား ၆ ယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၃၀ ရက်ကနေ ဧပြီ ၅ ရက်အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းထဲက ကျုံပျော်၊ သာပေါင်း၊ ငပုတော စတဲ့မြို့နယ်တွေက အရပ်သား ၆ ယောက်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က တရားမဝင် စက်သုံးဆီ ရောင်းချမှု၊ စက်သုံးမှောင်ခို ဆီသယ်ယူမှုနဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ကျုံပျော်ဒေသခံ အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူတယောက်က “ရဲတွေက ဖမ်းဆီးခဲ့တာ။ စက်သုံးဆီတွေ ကို သုံးဖို့ လိုအပ်လို့ အများအပြား ဝယ်လာတဲ့သူတွေနဲ့ ရပ်ကွက်ထဲမှာ ရေသန့်ဘူးနဲ့ ထည့်ရောင်းချ တဲ့ သူတွေကို ဖမ်းခဲ့တာ။ တကယ့်မှောင်ခိုသမားကြီးတွေက လွတ်နေတယ်” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၆ ယောက်ဟာ ကျုံပျော်မြို့နယ်က အမျိုးသား ၃ ယောက်၊ ငပုတော မြို့နယ်က အမျိုးသား ၂ ယောက်၊ သာပေါင်းမြို့နယ်က အမျိုးသမီး ၁ ယောက် ဖြစ်ပါတယ်။
စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကျုံပျော်ဘက်က အဖမ်းခံရတဲ့သူတွေက လယ်သမားတွေလို့ သိရတယ်။ သုံးဖို့ စက်သုံးဆီတွေ ဝယ်လာတာကို မှောင်ခိုသယ်တယ်ဆိုပြီး ဖမ်းတာ။ အားလုံး အမှုဖွင့်ခံထားရတယ်”လို့ ပြောပါတယ်။
မတ် ၃၀ ရက်ကနေ ဧပြီ ၅ ရက်အထိ စက်သုံးဆီ ကိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့ ၆ ယောက်ဟာ ပြည့်ဖြိုးအောင်၊ ဆန်းမင်းအောင်၊ ဝေလင်းထွန်း၊ မြတ်ကိုကိုမင်းနဲ့ နောက်ထပ် ၂ ယောက် ဖြစ် ပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၆ ယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့က ရေနံနဲ့ ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ချုပ်နှောင်ထားပါတယ်။










