DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းများ ပိုင်ဆိုင်မှု တင်ပြရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 20, 2015
အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းများ ပိုင်ဆိုင်မှု တင်ပြရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

ရွေးကောက်ပွဲ ၀င်ရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို တင်ပြရမယ်လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့​တော်ဝင်နှင်းဆီ စား​သောက်ဆိုင်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ​အခုလို ထည့်သွင်းပြောကြားသွားတာပါ။

“ကျမတို့ကိုယ်စားလှယ်​လောင်းများကို ​ရွေးချယ်တဲ့​နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်​တွေ ထားမှာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကိုယ်စားလှယ်​လောင်းများ အားလုံးဟာ မိမိတို့ရဲ့မ​ရွှေ့​ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ဇနီးခင်ပွန်းများရဲ့ မ​ရွှေ့​ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ၁၈ နှစ်​အောက်သားသမီးများရဲ့ မရွှေ့ပြောင်းနိုင်တဲ့ စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်။ ဘဏ်အ​ကောင့်ရှိရင်လည်း နံပါတ်ကို​ပေးရမှာဖြစ်ပါတယ်။ စီးပွား​ရေးလုပ်ငန်း​တွေနဲ့ ပတ်သတ်မှူရှိရင် ဒါ​တွေအားလုံးကို တင်ပြရမှာဖြစ်ပါတယ်။”

နိုင်ငံတာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေ အဂတိလိုက်စားမှု လုံးဝကင်းစင်ဖို့ လိုတာကြောင့် အခုလို လုပ်ရတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီလိုကျမတို့လုပ်တယ်ဆိုတာ ဘာဖြစ်လို့လဲဆို​တော့ ကျမတို့ဟာနိုင်ငံရဲ့တာဝန်ထမ်း​ဆောင်တဲ့ ပုဂ္ဂိုလ်များဟာ အဂတိလိုက်စားမှု လုံးဝကင်းစင်ဖို့လိုပါတယ်။ ဒါကို ဦးတည်ပြီးလုပ်သွားမှာပါ။”

ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲရှိခဲ့လို့ အဖွဲ့ချုပ်က မေးမြန်းစုံစမ်းပါက မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ပြုလုပ်ရာမှာလည်း တဦးတယောက်အောင်နိုင်ရေးအတွက်မဟုတ်ပဲ နိုင်ငံအောင်နိုင်ရေး၊ ဒီမိုကရေစီ အောင်နိုင်ရေးကိုသာ လုပ်ဆောင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးကို ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစား​သောက်ဆိုင်မှာ ဇွန်လ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့​တွေမှာ ကျင်းပ​နေတာဖြစ်ပြီး ဗဟို​ကော်မတီဝင် ၁၁၂ ဦး တက်​ရောက်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013