DVB Logo
Home
မြန်မာသတင်း
မဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူကြရန် ကော်မရှင်ပြော
DVB
·
June 20, 2015
မဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူကြရန် ကော်မရှင်ပြော
Donate to DVB

အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ၀ိုင်းဝန်းကူညီကြဖို့နဲ့ အပြုသဘောနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကြိုဆိုတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကော်မရှင်ရဲ့ ဇွန် ၁၉ ရက် ကြေညာချက်မှာ မဲစာရင်းပြည့်စုံမှန်ကန်ဖို့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်များက ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြပါလို့ ဖော်ပြထားပါတယ်။

ကော်မရှင်အနေနဲ့ အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၁၅ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့ပြီး ရရှိတဲ့မဲစာရင်းတွေကို ၂၀၁၅ ခုနှစ် ဧပြီလမှ ဇွန်လအထိ အဆင့် ၄ ဆင့်နဲ့ ကပ်ထားကြေညာပေးနေတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းမှာ မိမိနာမည် ပါ မပါ သွားရောက်ကြည့်ရှုပြီး မပါရင် နာမည်ထည့်ပေးဖို့ တောင်းဆိုခြင်း၊ အချက်အလက်မှားနေရင် ပြင်ပေးဖို့ ကန့်ကွက်ခြင်းတွေ လုပ်ရမယ်၊ ဒါမှ ဆန္ဒမဲစာရင်းအမှန် ရနိုင်မယ်လို့ ကော်မရှင်ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

မဲစာရင်းကပ်ထားတာနဲ့ မဲစာရင်းကပ်ထားတာကို လာကြည့်ကြဖို့ လေ့လာပညာပေးနေတဲ့ (TSI-The Serenity Initiative) အဖွဲ့က မစုပုံချစ်ကတော့ အခြေခံမဲစာရင်းမှားနေတာတွေ တွေ့ရသလို မဲစာရင်းသွားကြည့်ဖို့ စိတ်မ၀င်စားသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“မှားနေတာတွေ တွေ့တယ်၊ သူက အခြေခံမဲစာရင်း ဖြစ်တာကိုး၊ တိကျတဲ့ မဲစာရင်းတွေတော့ ထွက်မလာသေးဘူး၊ မှားတဲ့အချက်တွေရှိတယ်။ နာမည် မှားတာတို့ အချက်အလက်မှားတာ တို့၊ ဒါပေမယ့် တချို့ဟာတွေကျတော့ ကွန်ပျုတာ မှားရိုက်တာလည်း ရှိပါတယ်။ မဲစာရင်း သွားကြည့်ဖို့တော့ အများကြီး နှိုးဆော်ပေးရမယ်။ တချို့ပြည်သူတွေက သွားကြည့်ဖို့ မလိုဘူးဆိုပြီး စိတ်မ၀င်စားကြဘူး။”

ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့ တော်တော်ကို လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်။

အိမ်ထောင်စုဇယားကို အခြေခံပြီး ကောက်ယူထားတဲ့ မဲစာရင်းဖြစ်တာကြောင့် တနယ်တကျေးမှာ ဧည့်စာရင်းနဲ့ သွားရောက်အလုပ်လုပ်သူတွေ မဲပေးဖို့ကိစ္စတွေမှာ ပြည်သူတွေသိအောင် ပညာပေးလုပ်ငန်းတွေ အများကြီး ဆက်လုပ်ဖို့ ရှိနေသေးတယ်လို့ မဲစာရင်းပညာပေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်ထံပေး ပို့တဲ့စာမှာလည်း ရန်ကုန်တိုင်းအတွင်း မဲစာရင်းတွေ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ လူဦးရေ အခြေပြ စာရင်း၊ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးရှိ အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) တို့မှ အသက် ၁၈ နှစ်ပြည့်သူများအား ကူးယူပြုစုထားတယ်လို့ သိရပါတယ်။

လာမယ့် ဇွန်လ ၂၂ ရက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ခရိုင်များမှာ မဲစာရင်းတွေကို  ၂ဝ၁၅ ခုနှစ်၊ ဇွန် ၂၂ ရက်မှ ဇူလိုင် ၅ ရက်ထိ ၁၄ ရက်တိုင်တိုင် ကပ်ထား ပေးမယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013