
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အဓိက လက်နက်စက်ရုံတခုဆီ သွားရောက်လည်ပတ်ခဲ့ပြီး လာမဲ့ ၅ နှစ်အတွင်း ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို ၂ ဆခွဲ တိုးမြှင့်ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဇွန် ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိပ်သီးအစည်းအဝေးအတွက် ပြုံယမ်းမြို့တော်ဆီ ရောက်မလာမီ တရက်အလိုမှာ ခုလို ကြေညာခဲ့တာပါ။
နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ကင်မ်က စက်ရုံကို လှည့်လည်ကြည့်ရှုပြီး အရာရှိတွေနဲ့ စကားပြောဆိုနေတာကို ပြသထားပါတယ်။
ဒုံးကျည်ကိုယ်ထည်တွေလို့ ယူဆရတဲ့ လက်နက်ခဲယမ်းတွေကိုလည်း မြင်ရတယ်လို့ ယုံဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တရုတ်သမ္မတ ရှီရဲ့ ခရီးစဉ်ဟာ ၇ နှစ်နီးပါးအတွင်း မြောက်ကိုရီးယားဆီ ပထမဆုံးခရီးစဉ်ပါ။
နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကင်မ်နဲ့ တွေ့မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
တရုတ်ပြည်မကြီးအစိုးရက သူ့ရဲ့ တခုတည်းသော တရားဝင်စာချုပ် မဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယား အစိုးရနဲ့ ဆက်ဆံရေးကို ခိုင်မြဲစေဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံခဲ့ပါတယ်။
Source: Reuters










