
မြန်မာပြည်တွင်းက ဝက်ဈေးကွက်အတွင်းမှာ ဝက်အရှင်ဖမ်းဈေးကျပြီး အစာဈေးနှုန်းတွေ မြင့်တက်နေလို့ ဒေသတွင်း တပိုင်တနိုင် မွေးမြူကြသူတွေ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိ ဝက်ဈေးကွက်အတွင်းမှာ ကုန်ချိန် စင်း ၁၀၀ (ပိဿာ ၇၀ ဝန်းကျင်) ကို ၁၃ သိန်းဈေးသာ ပေးနေကြပြီး ပြီးခဲ့တဲ့လကထက် ၂ သိန်းဝန်းကျင် ကျသွားတယ်လို့ ဧရာဝတီတိုင်းအတွင်းက ဝက်မွေးမြူသူတွေဆီက သိရပါတယ်။
ကျောင်းကုန်းမြို့နယ်အတွင်းက ဝက်မွေးမြူသူတယောက်က “ပြီးခဲ့တဲ့တလက ၁၅ သိန်း၊ ၁၅ သိန်းခွဲ ပေါက်နေတာ။ အခု ၁၃ သိန်း၊ ၁၃ သိန်းကျော်ကျော်ပဲ ရှိတော့တယ်။ ဒီအတိုင်းဆို တွက်ချေမကိုက်ဘူး။ ရှုံးဖို့သေချာနေပြီ” လို့ DVB ကို ပြောပါတယ်။
အခုလို ဝက်အရှင်ဖမ်းဈေး ကျနေပေမဲ့ ကုမ္ပဏီထုတ် အစာဈေးနှုန်းများ ကြီးမြင့်နေတဲ့အပြင် လယ်ယာထွက် အစာကုန်ကြမ်းဖြစ်တဲ့ ဖွဲနုနဲ့ ဖွဲဆန်ကွဲ ဈေးနှုန်းတွေဟာလည်း တလထက်တလ မြင့်တက်နေတယ်လို့ သိရပါတယ်။
De Heus ၊ New Hope ၊ Green Feed ၊ Sun Jim စတဲ့ ကုမ္ပဏီထုတ် အစာဈေးနှုန်းတွေဟာ ဝက်အရွယ်အစားအလိုက် ကျွေးရတဲ့ နံပါတ်စဉ်အလိုက် ၇ သောင်းဝန်းကျင်ကနေ ၁ သိန်းကျော်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖွဲဆန်ကွဲ ပေါင် ၅၀ တအိတ်ကို ကျပ် ၂၅,၀၀၀ ဝန်းကျင်ရှိပြီး ပေါင် ၉၀ တအိတ်ကို ကျပ် ၆၀,၀၀၀ ဝန်းကျင်၊ ဖွဲနု ပေါင် ၉၀ တအိတ်ကို ကျပ် ၄၀,၀၀၀ ကျော် အသီးသီးရှိတယ်လို့ သိရပါတယ်။
ပြည်တွင်း ဝက်ဈေးကွက်မှာ အခုလို အရှင်ဖမ်းဝက်ဈေးနှုန်းတွေ ကျဆင်းနေရတဲ့ အကြောင်းအရင်းတွေထဲမှာ ထိုင်းနိုင်ငံက ဝက်အရှင်တွေ အဆမတန် တင်သွင်းနေတာကလည်း အကြောင်းအချက်တခုအနေနဲ့ ပါဝင်တယ်လို့ ပြည်တွင်းမွေးမြူသူတွေက ဆိုပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က စီးပွားဖြစ် ဝက်မွေးမြူသူတယောက်က “ထိုင်းဝက် တအားထိုးတော့ ပြည်တွင်းက ဝက်တွေကို ဈေးမပေးကြတော့ဘူး။ ဘာကွာလို့လဲဆိုတော့ ပြည်တွင်းမှာလည်း တကယ့်ကို စနစ်တကျနဲ့ အစာအရည်အသွေး ပြည့်ပြည့်မီမီ ကျွေးကြတဲ့သူတွေ ရှိတယ်လေ။ ထိုင်းဝက်နဲ့ ဘာကွာလဲဆိုတော့ နှိမ်လို့ရတာပဲ ကွာတယ်။ ဝက်က မကွာဘူး” လို့ ပြောပါတယ်။
လက်ရှိဈေးကွက်အရ စီးပွားဖြစ် အကောင်ရေ အများအပြား မွေးမြူသူတွေအနေနဲ့ မသိသာပေမဲ့ အကောင်ရေ ဆယ်ဂဏန်းဝန်ကျင် တပိုင်တနိုင် မွေးမြူသူတွေ အထိနာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ထိုင်းဝက်သယ်ယူရာ လမ်းကြောင်းမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိလာနိုင်တာကြောင့် ဝက်ဈေးကွက် ပြန်လည်ဦးမော့လာမယ်လို့ မျှော်လင့်ရပေမဲ့ မသေချာဘူးလို့ မွေးမြူသူတွေက ပြောပါတယ်။










