DVB Logo
Home
ရွေးကောက်ပွဲ
၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံရဲ့ ရေရှည်အနာဂတ်ကို ဆုံးဖြတ်ပေးမယ် - ဒေါ်အောင်ဆန်းစုကြည်
DVB
·
June 19, 2015
၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံရဲ့ ရေရှည်အနာဂတ်ကို ဆုံးဖြတ်ပေးမယ် - ဒေါ်အောင်ဆန်းစုကြည်
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ဆောင်ရွက်ချက်တွေနဲ့ မှန်ကန်တဲ့ ရလဒ်ပေါ်ထွက်ရေးဟာ မြန်မာနိုင်ငံရဲ့ ရေရှည်အနာဂတ်ခရီးလမ်းအတွက် အင်မတန်အရေးကြီးတယ်လို့ အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

အသက် ၇၀ ပြည့် မွေးနေ့အမှတ်တရ လူထုကို ရုပ်သံမိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပြီး လွတ်လပ်ရေးရပြီး ၆၈ နှစ်အကြာမှာ မြန်မာနိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘယ်အခြေ အနေကို ဆက်သွားမလဲဆိုတာကို  ပြည်သူလူထုရဲ့ လုပ်ရပ်တွေက ဆုံးဖြတ်ပေးမယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ၊ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ  ဘယ်လိုဖြစ်မလဲ၊ ရွေးကောက်ပွဲကျင်းပပေးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို့အခြေအနေမှာ ရှိမှာလဲဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ်အတွက်မဟုတ်ဘူး၊ နောက် နှစ်ပေါင်းများစွာအတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မီးရှူးတန်ဆောင်အဖြစ် နှစ်ပေါင်းများစွာကတည်းက အနောက်နိုင်ငံတွေက   အသိအမှတ်ပြုနေရာပေးခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကတော့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကို ငါးရက်ကြာခရီးစဉ်သွားရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့ရော တရုတ်သမ္မတတို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်မှာမွေးနေ့အမှတ်တရစကားကို တရားဝင် ဗွီဒီယိုဖိုင်နဲ့ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

“ကျမအပေါ် စေတနာမေတ္တာထားကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် စပါရစေ။ အသက် ၇၀ ဆိုတော့ ဒီလောကကြီးမှာ အနှစ် ၇၀ နီးပါး နေခဲ့ရပြီပေါ့။ အဲဒီတော့ ဒီအနှစ် ၇၀ အတွင်းမှာ စေတနာ မေတ္တာရဲ့တန်ဖိုးကို ကောင်းကောင်းကြီး သိခဲ့ရပါတယ်။ ကျမတို့ နိုင်ငံရေး လုပ်ခဲ့ရတယ်ဆိုတာကလည်း သိပ်လွယ်လွယ်နဲ့ လုပ်ခဲ့ရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့လိုလည်း ပြည်သူတွေရဲ့ မေတ္တာ၊ ကျမတို့ကို ထောက်ခံသူများရဲ့ စေတနာဟာ ကျမတို့ရဲ့ အင်အားဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့ အခု ဆက်ပြီးတော့ ဒီနိုင်ငံ ဘယ်သွားမလဲလို့ ကြည့်တဲ့အခါမှာ ကျမတို့ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်။ သန့်ရှင်းတဲ့ နိုင်ငံရေးဆိုတာ ရိုးရိုးလေး ပြောတာပါ။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးဆိုတာ လူတွေနဲ့ လုပ်နေရတဲ့အလုပ်ဆိုတော့ ခြောက်ပြစ်ကင်း သဲလင်းစင်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သန့်ရှင်းတဲ့နိုင်ငံရေးဆိုတာ နံပါတ် ၁ ကတော့ ပြည်သူလူထုကို မလှည့်ဖြားတဲ့ နိုင်ငံရေးမျိုး။ နံပါတ် ၂ ကတော့ ကိုယ့်ရဲ့ အဖွဲ့အစည်း ကိုယ့်ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့ လုပ်တဲ့အခါမှာ တခြားလူတွေကို ထိခိုက်နစ်နာအောင်လို့ မကောင်းတဲ့နည်းတွေ၊ မမှန်ကန်တဲ့နည်းတွေ၊ မတရားတဲ့နည်းတွေနဲ့ လုပ်တာကို ရှောင်ကြဉ်ဖို့ပဲ။ အဲဒီလိုလုပ်မှ ကျမတို့ သန့်ရှင်းတဲ့နိုင်ငံရေး ရှိနိုင်မှာပါ။ ဒီလိုသန့်ရှင်းတဲ့ နိုင်ငံရေးရှိမှ ကျမတို့နိုင်ငံဟာ ရှေ့မှာ ဆက်ပြီးတော့ အေးအေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်နဲ့ တိုးတက်နိုင်မှာဖြစ်ပါတယ်။

“ဒီတော့ မွေးနေ့အတွက် ပြောတဲ့စကားတွေဟာ နိုင်ငံရေးစကားတွေချည်းပဲလားလို့ တချို့က မေးပါတယ်။ အဲဒါကတော့ ရှောင်လို့ မရပါဘူး။ ကျမ ဒီလို မွေးနေ့အတွက် ပြောရတဲ့အခြေအနေရောက်လာတာလည်း နိုင်ငံရေးကြောင့် ရောက်လာတာပါ။ ဒါကြောင့် နိုင်ငံရေးစကားပဲပြောရမှာပါပဲ။

“ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျမရဲ့ ၇၀ မြောက်မွေးနေ့မို့လို့ ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲများ ကျင်းပမယ့်နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့အချိန်ကို ရောက်နေပါတယ်။ ဒီရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ်ထွက်ပေါ်ဖို့ ဆိုတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ်အသီးသီးက ရွေးကောက်ပွဲများမှာ အောင်မြင်ရေးအတွက် အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးက ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ပုဂ္ဂိုလ်များ နိုင်အောင်လို့  လုပ်ပေးစေချင်ကြတာပါပဲ။ ဒါပေမယ့် လုပ်ပုံကိုင်ပုံဟာ   ကျမတို့ နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။

“ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ၊ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ  ဘယ်လိုဖြစ်မလဲ၊ ရွေးကောက်ပွဲကျင်းပပေးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို့အခြေအနေမှာ ရှိမှာလဲဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ်အတွက်မဟုတ်ဘူး၊ နောက် နှစ်ပေါင်းများစွာအတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် လူတယောက်ရဲ့အသက်နဲ့၊ လူတယောက်ရဲ့ဘ၀နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျမရဲ့ဘ၀နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် ဘ၀တခုဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး။ တဖြည်းတဖြည်း တနှစ်ပြီးတနှစ် တနှစ်ပြီးတနှစ် တည်ဆောက်လာရတာပါ။

"ကျမက ကံကောင်းထောက်မလို့ ကျမကို ကောင်းကောင်းဆုံးမယ့် မိဘ၊ ဆရာများနဲ့ ကြီးပြင်းခဲ့ရပါတယ်။ မှန်မှန်ကန်ကန်လုပ်ဖို့၊ မှန်မှန်ကန်ကန် စဉ်းစားဖို့ အားပေးတဲ့၊ သင်ပေးတဲ့ မိဘတွေ၊ ဆရာတွေနဲ့ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဘယ်လိုပဲ၊ ဘယ်သူကပဲ သင်သင် ကိုယ်က သင်ယူမှပဲ ကိုယ့်ကိုယ်ကိုယ် ပြင်နိုင် မှာပါ။ ဒီအတိုင်းပဲ ကျမတို့ရဲ့ ပြည်သူပြည်သားတွေကလည်း နိုင်ငံရေးပါတီတွေက ဘယ်လိုပဲပြောပြော၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပဲပြောပြော၊ ပြင်ပကမ္ဘာက ဘယ်လိုပဲပြောပြော ကိုယ့်ကိုယ်ကိုယ် ပြင်ယူမှ ရမှာပါ။ ကျမတို့တတွေက ကျမတို့အမြင်တွေ၊ ဖြစ်စေချင်တာတွေ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ ဆန္ဒအိပ်မက်တွေကိုသာ တင်ပြနိုင်တာပါ။ ဒီဟာတွေကို တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ ပြည်သူတွေ ပါမှဖြစ်မယ်။ အဓိကက ပြည်သူတွေပါပဲ။

"ကျမတို့နိုင်ငံရဲ့ အသက်ဟာဆိုရင် ကျမအသက်ထက် တနည်းအားဖြင့် ပြောမယ်ဆိုရင် ၂ နှစ်ပဲ ငယ်တယ်လို့ ပြောရမှာပေါ့။ ၃ နှစ်ပေါ့၊ ၂ နှစ်ခွဲ၊ ၃ နှစ်ငယ်တယ်လို့ ဆိုပါတော့။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရတဲ့အချိန်မှာ ကျမက ၂ နှစ်ခွဲရှိပါပြီ။ အဲဒီတော့ တိုင်းပြည်တပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ၆၈ နှစ် ရပ်တည်ခဲ့ပြီးပြီဆိုရင်တော့ ဒီတိုင်းပြည်ရဲ့ လုပ်ဆောင်မှုတွေကို သုံးသပ်နိုင်တဲ့ အချိန်ရောက်လာပါပြီ။ ဒီတိုင်းပြည်ဟာ တိုးတက်ခဲ့သလား၊ ဘယ်လောက်အထိ တိုးတက်ခဲ့သလဲ။ နိုင်ငံရဲ့ နိုင်ငံသားတွေဟာ ဘယ်လောက်အထိ လွတ်လပ်တဲ့နိုင်ငံမှာ နေခြင်းအားဖြင့် ဘ၀တွေ ပိုပြီးတော့ ကောင်းလာသလဲဆိုတာတွေကို ကျမတို့ စမ်းသပ် ဆုံးဖြတ်နိုင်တဲ့အချိန် ရောက်လာပါပြီ။ လူတယောက် အသက် ၇၀ ပြည့်တဲ့အခါကျလို့ရှိရင် ဘ၀မှာ ဘယ်လောက်တိုးတက်မှု ရှိခဲ့သလဲဆိုတာကို စမ်းသပ်ပြီးတော့ ဆုံးဖြတ်နိုင်သလိုပါပဲ။

"ဒီတော့ ကျမတို့နိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘယ်အခြေအနေကို ဆက်သွားမလဲဆိုတာဟာ ဒီနှစ်မှာ ကျမတို့ ပြည်သူလူထုတွေရဲ့ လုပ်ရပ်များကနေပြီးတော့ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ရေရှည်ကိုကြည့်ပြီးတော့ လုပ်ကြပါ။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့လိုအပ်ချက်တွေ၊ ကျမတို့လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေကိုပါ ကြည့်ဖို့လိုပါတယ်။

"အခုခေတ်အခုအခါမှာ ဆိုလို့ရှိရင် ဘယ်နိုင်ငံမှ ထီးထီးကြီးနေလို့ မရပါဘူး။ ပြင်ပကမ္ဘာကြီးနဲ့ ဆက်ဆံနေရတာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ပြည်သူပြည်သားများဟာ ကိုယ့်ရဲ့ အခြေအနေကို ကြည့်တဲ့အခါကျရင် ကမ္ဘာ့အခြေအနေ၊ ကမ္ဘာ့ရဲ့အမြင်၊ ကမ္ဘာ့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အသက် ၇၀၊ အသက် ၇၀ ဆိုတော့ နောင် ကျမတို့ နေရတယ်ဆိုလို့ရှိရင်၊ အနှစ် ၂၀ လောက် နေရတယ်ဆိုရင်တောင်မှ အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် အနှစ် ၂၀ လောက်အတွင်းမှာတော့ ဒီနိုင်ငံ၊ တိုးတက်တာ၊ ဖွံ့ဖြိုးတာ၊ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ တကယ့်ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့် တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်များ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်တာကို ကျမတို့ မြင်သွား မြင်တွေ့သွားချင်ပါတယ်။

"နိုင်ငံရေးမှာ ဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျမ ပါခဲ့တာဟာ အနှစ် ၃၀ လောက်ရှိသွားပါပြီ။ အနှစ် ၃၀ ဆိုတာဟာလည်း မနည်းပါဘူး။ အဲဒီတော့ ဒီအနှစ် ၃၀ အတွင်းမှာ အဓိက ရခဲ့တဲ့ သင်ခန်းစာတွေ၊ ကျမတို့ အပေါ်မှာ မေတ္တာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ် ဆိုလို့ ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့အခြေအနေရှိပါတယ်။ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ဒါကတော့ ကမ္ဘာ့အမြင်အရ၊ လောကီအမြင်အရပေါ့လေ နိမ့်တာ၊ မြင့်တာကို ဆိုလိုတာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်မှာလည်း ပေးစရာရှိတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ ယူတာကိုပဲ ယူနိုင်တာကိုပဲ စဉ်းစားနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်လဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ အဲဒီလိုစဉ်းစားမှ ကိုယ့်ရဲ့တန်ဖိုးကိုလည်း သိမှာပါ။

"အခု ကျမတို့အားလုံးပြောနေတာက လူ့အခွင့်အရေး။ လူ့အခွင့်အရေးဆိုတာ ဘာဖြစ်လို့ကျမတို့ ယုံကြည်လဲဆိုတာ လူတိုင်းလူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာပါလာတယ်။ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်လို့ လူ့အခွင့်အရေးကြေညာစာတမ်းကြီးဟာ ပေါ်လာတာပါ။ အဲဒီတော့ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တကယ် ပထမ စအသိအမှတ်ပြုရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့တန်ဖိုးမြင့်စေမယ့် ကိစ္စတွေကို အဓိကထားပြီးတော့ လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့  တန်ဖိုးပါ တက်မှာလည်းဖြစ်ပါတယ်။ ဒါဟာ ကျမကနေပြီး ဘယ်သူကမှ လူတိုင်းလူတိုင်းဟာ အပြစ်ကင်းကင်းစင်စင်နဲ့ အမှားမရှိအောင်လို့ လုပ်ရမယ်လို့ ကျမဆိုလိုတာမဟုတ်ပါဘူး။ ဒီလို တကယ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်တဲ့ အရည်အချင်းရှိတယ်၊ ကိုယ့်ကိုယ်ကို အချိန်မရွေး မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်နိုင်ငံအတွက် ဘာမဆို၊ ဘယ်နည်းနဲ့မဆို ဘယ်နေရာမှမဆို လုပ်ပေးနိုင်တာကို လုပ်ပေးချင်တယ်ဆိုတဲ့ စေတနာကို ပွားများအောင်လို့ နေနိုင်ပိုင်ခွင့်ရှိပါတယ်။ အဲဒါက တခြားသူတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်းလူတိုင်း တဦးချင်း တဦးချင်းရဲ့ ဆုံးဖြတ်ချက်၊ တဦးချင်းတဦးချင်းရဲ့ ခံစားချက်၊ တဦးချင်းတဦးချင်းရဲ့ စိတ်ထဲမှာရှိတဲ့ နိုင်ငံပေါ်မှာထားတဲ့ မေတ္တာစေတနာပေါ်မှာပဲ တည်ပါတယ်။

"ဒါကြောင့် ကျမအနေနဲ့ ကျမတို့အပေါ်မှာ၊ ကျမအပေါ်မှာပေါ့နော် အနှစ် ၇၀ အတွင်း စေတနာမေတ္တာထားခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ ကျမတို့ ပြည်သူပြည်သားများဟာ ကျမတို့နိုင်ငံအပေါ်၊ ကျမတို့ရဲ့ ပြည်ထောင်စုကြီးအပေါ်မှာ စေတနာ မေတ္တာတွေ ထားပြီးတော့ အားလုံး ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့ ဆက်လက်ပြီးတော့ ညီညီညွတ်ညွတ် ဒီလောကခရီးကို သွားနိုင်ပါစေကြောင်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013