DVB Logo
Home
Lead Story
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ဘယ်ကို ဦးတည်နေသလဲ
DVB
·
June 22, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ဘယ်ကို ဦးတည်နေသလဲ
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တင်ထားတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မနေ့က ဒီဗွီဘီ သတင်းဌာနက ကိုဝင်းအောင်က အင်တာဗျူးမေးမယ်ဆိုတော့မှ အသေအချာ ဖတ်ကြည့်မိပါတယ်။

ဖတ်ပြီးတော့ ကျနော့်ဖုန်းက ငွေကုန်သွားလို့ သူလည်း ကျနော့်ကို ဖုန်းမခေါ်နိုင်ဘဲ ဖြစ်သွားပုံရပါတယ်။

အဲဒီတော့ ပြောချင်တာတွေကို ဒီဗွီဘီကနေ ပြည်သူအများ ကြားသိအောင်ပြောဆိုဖို့ အခွင့်အရေးတခု လက်လွတ်ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ကျနော် ပြောချင်တာတွေကို ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်လိုက်ပါတယ်။ တရက်နည်းနည်းစီပေါ့….။

ပထမဆုံးပြောချင်တာက ‘သမ္မတဖြစ်မယ့် ဒု-သမ္မတ တဦးစီကို အစုအဖွဲ့ သုံးခုက တဖွဲ့တယောက်ကျစီနဲ့ ရွေးချယ်တဲ့အခါ ပြည်ထောင်စုလွှတ်တော်ထဲက ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ ကိုယ်စားလှယ်များထဲက ရွေးချယ်တင်မြှောက်ရမည်’ လို့ ဆိုထားတော့ မူလက ပြဋ္ဌာန်းချက်ထဲမှာက လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကလည်း ဖြစ်နိုင်တယ်လို့ ဆိုထားတဲ့အတွက် အဲဒီပြဋ္ဌာန်းချက်ဟာ ဒီမိုကရေစီမကျဘူး။ ဒါကို ပယ်ဖျက်ရမယ်လို့ စဉ်းစားပြီး ပိုမိုဒီမိုကရေစီကျစေဖို့ ပြည်သူလူထုက မဲပေးရွေးချယ်ထားတဲ့ လူထဲကပဲ သမ္မတဖြစ်စေချင်တဲ့အတွက် ဒီပြင်ဆင်ချက်ကို တင်သွင်းတာလို့ ယူဆနိုင်ပါတယ်။ ဒါက ကောင်းတဲ့ရည်ရွယ်ချက်ပါ။

သို့သော်လည်းပဲ ၄၃၆ (ခ) နဲ့ ပတ်သက်တဲ့ အဝန်းအဝိုင်းထဲက ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို ပယ်ဖျက်ရမည်လို့ ဆက်ပြီးဆိုထားတော့ ပုဒ်မ ၆၂ မှာဆိုထားတာက ‘နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မှ မဖြစ်ရ’ ဆိုတာကို ပယ်ဖျက်လိုက်မယ့်သဘော ဖြစ်ပါတယ်။ ဒါဆိုရင် သမ္မတ၊ ဒု-သမ္မတတွေဟာ သမ္မတ၊ ဒု-သမ္မတ တာဝန်တွေ ထမ်းဆောင်ရင်း လွှတ်တော်တက်နေရမယ့်သဘော ဖြစ်နေပါတယ်။

အဲဒါဆိုရင် ကျနော်တို့ နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ဟာ Presidential Administration မဟုတ်တော့ဘဲ Parliamentary Administration စနစ်ဘက်ကို ရောက်သွားမှာပါ။

ဒါဆိုရင် ပြည်ထောင်စုအဆင့်မှာ သမ္မတအုပ်ချုပ်ရေးပုံစံ ကျင့်သုံးဖို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေကြီး တခုလုံးကို ပါလီမန်စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြဋ္ဌာန်းချက်တော်တော်များများကို ပြင်ပစ်ရပါလိမ့်မယ်။ အဲဒီလို လိုက်မပြင်နိုင်ရင် အမြီးအမောက်မတည့်တဲ့ ပြဿနာတွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။

အခြေခံဥပဒေကို ပြင်ဆင်လိုသူများ ပထမဦးဆုံး စဉ်းစားဖို့က ပြည်ထောင်စုအဆင့်မှာ သမ္မတ အုပ်ချုပ်ရေးစနစ် (အမေရိကန်ပြည်ထောင်စုကဲ့သို့) ကို ဆက်လက်ကျင့်သုံးလိုတာလား၊ ပါလီမန်စနစ် (အင်္ဂလန်၊ အိန္ဒိယ စသည်ကဲ့သို့) ကို သွားချင်တာလား အသေအချာ သိနားလည်ဖို့ လိုပါတယ်။ ပါလီမန်စနစ်မှာ အာဏာရပါတီက အုပ်ချုပ်ရေးကိုရော ဥပဒေပြုရေးမှာပါ သူ့ခြေ သူ့လက်ဖြစ်အောင် လုပ်နိုင်လို့ အာဏာရှင်စနစ် ဖြစ်လွယ်သွားပါတယ်။ အဲဒီ ဗြိတိသျှပုံစံရဲ့အားနည်းချက်ကို ကျော်လွှားပြီး အာဏာရှင်စနစ်ကို ရှောင်လွှဲလိုတာကြောင့် ဗြိတိသျှကိုတော်လှန် လွတ်လပ်ရေးရယူခဲ့တဲ့ အမေရိကန်က မဏ္ဍိုင်သုံးရပ်ကြား အပြန်အလှန် ထိန်းကျောင်းတဲ့ သမ္မတအုပ်ချုပ်ရေးစနစ်ကို တီထွင်ခဲ့တာပါ။

သမ္မတစနစ်မှာတော့ သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်ပြီး တိုင်းပြည်မှာ အကောင်းဆုံး အတော်ဆုံး လူတော်တွေကို သူ့အုပ်ချုပ်ရေးမှာ အသုံးပြုခွင့် ပေးထားပါတယ်။ အဲဒီအစိုးရအဖွဲ့ဝင်တွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ မလိုပေမယ့် လူရှော် လူညံ့တွေဖြစ်နေရင် လွှတ်တော်က သမ္မတအပါအဝင် အဲဒီအစိုးရအဖွဲ့ဝင်တွေကို(Impeachment) စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ခွင့် ပေးထားပါတယ်။

သမ္မတကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ခံရသူကို ဖြစ်စေချင်တာ၊ ပြည်ထောင်စုဝန်ကြီးတွေကို အရွေးကောက်ခံတွေထဲက ဖြစ်စေချင်တာသက်သက်နဲ့ ဒီပြဋ္ဌာန်းချက်ကိုပြင်ဖို့ ကြိုးစားတာဟာ လမ်းလွဲနေကြောင်းပါ။

လွှတ်တော်၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အပြန်အလှန်ထိန်းကျောင်းပြီး အာဏာရှင်စနစ် ပြန်လည်မပေါ်ပေါက်စေချင်တာ ဆိုရင်တော့ လက်ရှိ သမ္မတအုပ်ချုပ်ရေးပုံစံထဲက သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တဲ့ စနစ်ကို ပြင်လိုက်ရုံနဲ့ ရပါတယ်။ အဲဒီလို သမ္မတရွေးကောက်တဲ့စနစ် ပြင်တဲ့အခါ သမ္မတအတွက် အရည်အချင်းသတ်မှတ်ချက်တွ (ဥပမာ ၅၉ (စ) လိုဟာမျိုးကို ပြင်ချင် ဖြုတ်ချင်တယ်ဆိုလည်း အဲဒီမှာ လုပ်လို့ရပါတယ်။)

ရဲထွန်း
(မှတ်ချက်-ဆောင်းပါးရှင်မှာ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးနေစဉ် လေ့လာသုံးသပ်နိုင်ရန် သူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။ အပိုင်းလိုက် ရေးသားထားသည်များကို ဆက်လက်ဖော်ပြပါမည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013