
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး အရပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ညပိုင်းကစလို့ တိုက်ပွဲဖြစ်နေတာမှာ ဒီမနက်မှာတော့ တိုက်ပွဲပြင်းထန်လာပြီး စစ်တပ်ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကုဋေရွာလမ်းဆုံမှာ အမျိုးသားတယောက် ပြင်းထန်ဒဏ်ရာရရှိသလို လုံးခင်း လယ်ပြင်ရွာမှာလည်း ကလေးတယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “အခြေအနေကတော့ ရှုပ်ထွေးနေဆဲ ပစ်ခတ်သံအစုံ ကြားနေရဆဲပဲဗျ။ လုံးခင်းထဲ နေရာစုံပဲဗျ။ လောလောဆယ် အတည်ပြုနိုင်တာက ၂ ဦး ရှိတယ်။ တဦးက ကုဋေရွာလမ်းဆုံမှာ ထိတာ၊ အမျိုးသား ဒဏ်ရာပြင်းထန်တယ်။ နောက် လယ်ပြင်ရွာမှာ ထိတာ။ ကလေးတဦး ဒဏ်ရာ မစိုးရိမ်ရဘူး” လို့ DVB ကို ပြောပါတယ်။
ကုဋေရွာလမ်းဆုံမှာ ထိတဲ့ အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်ပြီး တိုက်ပွဲတွေကြား ဆေးကုသဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ဟာ လုံးခင်း-ဖားကန့်သွား အဓိက မိန်းလမ်းမကြီးဖြစ်တဲ့ မှော်စီစာ Sky Hotel ရှေ့မှာ တလုံး၊ အောင်သာယာအတက်လမ်းဆုံမှာ တလုံး ကျရောက်ပြီး မပေါက်ကွဲသေးဘူးလို့ ဆိုပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေး ရွာအုပ်စုမှာ ဧပြီ ၃၀ ရက်က တိုက်နယ်ဆေးရုံကုန်းဟောင်းဝင်းထဲ စစ်တပ်က နှိပ်စက်သတ်ထားသူ ရုပ်အလောင်း ၄ လောင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူတွေဟာ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၃ ယောက်ဖြစ်ပြီး စစ်တပ်က သဲအိတ်နဲ့ ဘန်ကာလုပ် တပ်စွဲထားရာ နေရာအနီးမှာ တွေ့ရတာလို့ သိရပါတယ်။










