DVB Logo
Home
Lead Story
ကမ္ဘာကြီးနှင့် စာအုပ်
DVB
·
June 19, 2015
ကမ္ဘာကြီးနှင့် စာအုပ်
Donate to DVB

ဝတ္ထုရေးဆရာ ကွမ်တွိုင်ဘင်က သူတွေ့ခဲ့တဲ့ အဖြစ်အပျက်တခုကို ရေးပြပါတယ်။ တခါက ကောင်းလွန်မှာ ကန်တုံတရုတ်လူမျိုးတယောက် လမ်းဘေးမှာထိုင်ပြီး ဝတ္ထုစာအုပ်တအုပ်ဖတ်နေတာ တွေ့ရတယ်တဲ့။ ဝတ္ထုစာအုပ်ဖတ်နေတဲ့ သူ့ရဲ့မျက်နှာကို ကြည့်လိုက်တဲ့အခါ သူ့မျက်နှာဟာ စာအုပ်ကို ဖတ်နေတဲ့အတွက် တင်းမာနေတယ်။ လက်က စာအုပ်ကို တင်းကျပ်စွာ ဆုပ်ထားပြီး လက်တဖက်က စာကြောင်းတွေကို တားပြီးဖတ်နေတယ်။ စာအုပ်ဖတ်ရင်း မျက်နှာက မကျေနပ်တဲ့ပုံ၊ အားမလိုအားမရ ဖြစ်နေတဲ့ပုံ၊ ကြည်နူးတဲ့ပုံတွေ ပေါ်လာတယ်။ နောက်ဆုံး ကန်တုံလူမျိုးက စာအုပ်ပြီးတဲ့အခါ ပြုံးပြီး ကောင်းကင်ကို မော့ကြည့်တယ်။ ဇာတ်သိမ်းက ပျော်စရာကောင်းလို့လည်း ဖြစ်ပါလိမ့်မယ်။ သူ့မျက်နှာဟာ ပြုံးပြီး သဘောကျနေပါတယ်။ စာအုပ်ဖတ်တဲ့သူဟာ စာအုပ်ရဲ့ ဆွဲခေါ်ရာနောက်လိုက်သွားပြီး ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ကြေကွဲခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြည်နူးခြင်း စတဲ့ သူ့စိတ်ကို ရသအားလုံး ပေးစွမ်းနိုင်ပါတယ်။ စာအုပ်ဖတ်ချိန်မှာ သူတဦးတည်း စာအုပ်ရသလို ခံစားခဲ့တယ်။ စာရေးသူနဲ့ စာဖတ်သူကြားမှာပဲ ဒီခံစားချက်က ပေါ်လာတာပါ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်လိုက်တဲ့ အဆက်အသွယ်ကတော့ စာအုပ်ပဲဖြစ်ပါတယ်။

စာအုပ်တွေမရှိတဲ့ ကမ္ဘာကြီးဟာ ဘာဖြစ်လာနိုင်သလဲ။ အဲ့ဒီအမေးနဲ့ အဲ့ဒီအမြင်ဟာ အဓိပ္ပာယ်မရှိတဲ့ အယူအဆက ပေါက်ဖွားလာတာဖြစ်လိမ့်မယ်။ စာဖတ်ခြင်းဟာ ယခုအချိန်ထိ စာဖတ်တဲ့သူရဲ့စိတ်နဲ့ အာရုံကို သိမ်းပိုက်လွှမ်းမိုးနေဆဲပါပဲ။ စာအုပ်ဟာ ယခုအချိန်ထိ ကမ္ဘာကြီးကို လွှမ်းမိုးနေဆဲဖြစ်ပါတယ်။ စာအုပ်ကို ဖတ်ရတာဟာ ခေတ်သစ်ကမ္ဘာကြီးမှာ ခေတ်နောက်ကျသွားတယ်လို့ မရှိပါဘူး။ ယနေ့အထိ စာဖတ်ခြင်းဟာ စာဖတ်သူကို သြဇာရှိနေဆဲ၊ စာဖတ်သူရဲ့အာရုံကို စာအုပ်က သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်ပါတယ်။

စာအုပ်စာပေရဲ့ ခေတ်ဟာ ဒီကနေ့ ကုန်ဆုံးသွားပြီလား။ လူတွေဟာ စာအုပ်တွေကို ဘေးဖယ်ထားပြီး တခြားဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေပြီလား။ ယနေ့လည်း ဖျော်ဖြေရေးတွေ ထွန်းကားတဲ့ခေတ်မှာ အာရုံစိုက်စရာတွေ အများကြီးရှိပါတယ်။ သတင်း၊ သီချင်းနဲ့ ဂီတသံတွေကို ရေဒီယိုက လွှင့်ထုတ်ပေးခဲ့တယ်။ နောက် ရေဒီယိုထက် ပိုခေတ်မီတာ ပေါ်လာတယ်။ အဲဒါက ရုပ်မြင်သံကြားပါပဲ။ သတင်းတွေကို ရုပ်ပါမြင်လာရတယ်။ သီချင်းတွေကို နားနဲ့ ကြားရုံသာမက ရုပ်ပါ တွေ့လာရတယ်။ ဝတ္ထုတွေ၊ ဇာတ်လမ်းတွေကို ရုပ်တွေနဲ့ပါမြင်ရ၊ ကြားရလာပါတယ်။ အခုဆို အင်တာနက်ဆိုတာတောင် ပေါ်လာပြီ။ ကမ္ဘာကြီးမှာ မြင်ချင်တာ၊ ကြားချင်တာတွေ၊ ဆက်သွယ်ချင်သူနဲ့ ဆက်သွယ်နိုင်တာတွေကို အင်တာနက်နဲ့ မြင်ရ၊ ကြားရလာပါပြီ။ စက်ကိရိယာတွေက ပြောင်းလဲလာပါပြီ။ ဒါပေမယ့် အဖြစ်အပျက်တွေကတော့ အရင်အတိုင်း ရှိနေဆဲပါပဲ။ နည်းပညာပြောင်းလဲမှုတွေ၊ စက်ကိရိယာ တိုးတက်လာမှုတွေ ရှိပေမယ့်လည်း စာအုပ်တွေ စာမျက်နှာတွေကတော့ ယခုတိုင် ရှိနေဆဲပါပဲ။

စက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ စာလုံးတွေက စက္ကူတွေကို အထပ်ထပ်ပုံလာစေတယ်။ မျက်နှာဖုံး ကတ်ထူတွေကို အခုတိုင် တွင်ကျယ်လာစေပါတယ်။ စာအုပ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ပြီး ယခုတိုင်မရိုးတဲ့ ပစ္စည်းအဖြစ် လူတွေကို ဆွဲဆောင်နေဆဲပါ။ နည်းပညာသစ်တွေ ပေါ်ပေါက်လာနေပေမယ့်လည်း ဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေ၊ ဝေဖန်သုံးသပ်မှုတွေ စတဲ့ စာပေတွေဟာ ကမ္ဘာမှာ ပျောက်ကွယ်မသွားသေးဘဲ လူတွေအပေါ် လွှမ်းမိုးနေဆဲပါပဲ။

စာပေဟာ ကျနော်တို့ရဲ့အကြောင်း၊ ကျနော်တို့ရဲ့အဖြစ်အပျက် ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်ကလာတယ်။ ဘယ်သွားနေတယ်ဆိုတာကိုလည်း စာအုပ်က ရေးမှတ်ထားသလို ညွှန်ပြနေပါတယ်။ ဝတ္ထုမဟုတ်တဲ့ စာအုပ်တွေဟာ ကမ္ဘာကြီးကို အလင်းရောင် ပေးနေဆဲပါပဲ။ စာအုပ်တွေထဲကနေ ကျနော်တို့ ပထမဆုံး ခရီးသွားခဲ့တယ်။ စာအုပ်တွေကနေ အကောင်းဆုံး အသိဉာဏ်တွေ ရခဲ့တယ်။ အသိအကျွမ်းတွေ ဖြစ်ခဲ့တယ်။ လူတွေရဲ့ စရိုက်တွေ၊ ဇာတ်လမ်းတွေကို သိလာတယ်။ စာအုပ်တွေက အသိဉာဏ်ပညာတွေ ရလာတယ်။ စာအုပ်တွေထဲကနေ မေတ္တာတရား၊ မနှစ်မြို့မှု၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း စတာတွေကို ခံစားနားလည်ခဲ့ရတယ်။

“ခါလေဂီဘရန်” ရဲ့ “တမန်တော်” စာအုပ်က ကျနော်တို့ကို အများကြီး ပြောပြပါတယ်။ ကျနော်တို့ရဲ့အပြစ်တွေ၊ စိတ်ခံစားမှုတွေကို ဒီစာအုပ်က ပေးနိုင်တယ်။ ဟိုးလ်ဒင်းကွန်းဖီးလ်၊ ဟယ်ရီပေါ်တာတို့က ကျနော်တို့ကို ခံစားမှုတွေပေးပြီး အထီးကျန်မှုကနေ လွတ်မြောက်စေတယ်။ လီယာဘုရင်ကြီး၊ ဟန်နီ ဘောလက်တာနဲ့ ဘိုရိုမီယာတို့ကလည်း ကျနော်တို့ကို သတိပေးစရာတွေ၊ အလေးထားစရာ ဇာတ်လမ်းတွေ၊ သင်ခန်းစာယူဖို့တွေကို ညွှန်ပြပါတယ်။ ဘယ်ဟာကို အလေးထားရမယ်ဆိုတာ အဲ့ဒီစာအုပ်တွေက ညွှန်ပြပေးတယ်။ စာဖတ်ခြင်းဟာ ကျနော်တို့ရဲ့ အလေးနက်ဆုံး စိတ်ဓာတ်ကို အဆက်အသွယ် ပြုလုပ်ပေးပါတယ်။ လူသားတွေရဲ့ အဖြစ်အပျက်၊ ခံစားမှု၊ လူသားတွေရဲ့ အခွင့်အရေး စတာတွေကို စာအုပ်က အကောင်းဆုံးနဲ့ အကျယ်ပြန့်ဆုံး ညွှန်ပြပေးပါတယ်။

စာအုပ်တွေဟာ နှစ်သိမ့်မှုနဲ့ ကြည်နူးမှုကိုလည်း ပေးပါတယ်။ ကျနော်ကလေးဘဝကဆိုရင် မျက်မှန်အထူကြီးနဲ့ပေါ့။ ကျနော်က မျက်မှန်ကထူထူ၊ သွားကလည်း ခေါနေတော့ အဲ့ဒီသွားကို အစွပ် စွပ်ထားရတယ်။ အဲ့ဒီလို ကာလတွေမှာ စာအုပ်တွေက ကျနော့်ကို လုံခြုံစိတ်ချရအောင် အကာအကွယ်ပေးတယ်။ ကောင်းကင်ဘုံရောက်နေအောင် ခံစားမှုပေးပါတယ်။ မျိုးဆက်တွေဟာလည်း အဲ့ဒီလိုပဲ ဆက်ခါဆက်ခါ တွေ့ကြုံခံစားခဲ့ရပါတယ်။ စာအုပ်ကမ္ဘာထဲမှာ စာဖတ်တဲ့ နောင်မျိုးဆက်တွေကိုလည်း အသိဉာဏ်၊ ဗဟုသုတ စတာတွေကို စာအုပ်တွေက ပေးနိုင်တယ်။ စာအုပ်ဖတ်နေတဲ့အချိန် အထီးကျန်မှု မရှိတော့ဘူး။ ကမ္ဘာကြီးထဲ၊ လူထုကြီးထဲ၊ လူတန်းစားအလွှာစုံထဲကို ရောက်သွားတော့တာပါပဲ။ စာအုပ်ဖတ်နေတဲ့အတွက် ဘေးပတ်လည်မှာ အခြားသူတွေလည်း ရောက်လာပါတယ်။ ဒါပေမယ့် စာအုပ်တွေက ဗုံးခိုကျင်းတွေတော့ မဟုတ်ပါဘူး။ စာအုပ်တွေက တံတားတွေဖြစ်ပါတယ်။ စာအုပ်ကို တမျက်နှာပြီးတမျက်နှာ လှန်လိုက်တာနဲ့ ကျနော်တို့ဟာ လူ့အဖွဲ့အစည်းထဲ ရောက်သွားသလိုပါပဲ။ စာရေးဆရာ ဖန်တီးလိုက်တဲ့ အယူအဆနဲ့ အမြင်ကို စာဖတ်သူက လိုက်နာတာရှိသလို ဆန့်ကျင်တာလည်း ရှိပါတယ်။ စာဖတ်တဲ့သူဟာ ကမ္ဘာကြီးရဲ့ အနက်ရှိုင်းဆုံးနေရာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ စာအုပ်ဖတ်တဲ့သူက သိချင်တဲ့အကြောင်းအရာ၊ အဖြစ်အပျက်ကို သိနိုင်သလို သွားချင်တဲ့နေရာကိုလည်း သွားရောက်နိုင်ပါတယ်။ စာအုပ်ကို ဖတ်တဲ့အတွက် လူသားတွေနဲ့ အဆက်အသွယ်ရလာပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေ အကြောင်းကိုလည်း သိလာတယ်။ ပုဂ္ဂိုလ်တယောက်အကြောင်းကို သိရုံမကဘူး၊ လူထုကြီးအကြောင်းကိုလည်း သိလာတယ်။ စာအုပ်တွေက စာဖတ်သူရဲ့ အသိဉာဏ်ကို ဖွံ့ဖြိုးပြီး အင်အားဖြစ်စေပါတယ်။ စာဖတ်တဲ့အတွက် ရိက္ခာကို နှေးကွေးစွာ ဖြန့်ဖြူးခြင်းကနေ အမြန်ဆုံး ဖြန့်ဖြူးနိုင်တဲ့ အခြေအနေကို ရောက်ရှိစေတယ်။ အခုအချိန်မှာ ဘလော့ဂ်တွေ၊ တက်စ်မက်ဆေ့တွေ၊ အီးဘုတ်တွေ ရှိလာပါတယ်။ ဒါတွေကလည်း စာအုပ်ရဲ့ အဆက်အနွယ်တွေအဖြစ် လူတွေရဲ့ အသိဉာဏ်ကို ကျယ်ပြန့်စေပါတယ်။ ကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ သတင်းတွေ၊ အဖြစ်အပျက်တွေကိုလည်း ချက်ချင်းသိရပါတယ်။ သတင်းစာတွေ၊ မဂ္ဂဇင်းတွေကိုလည်း အဲ့ဒီဘလော့ဂ်တွေ၊ အီးဘုတ်တွေထဲက ဖတ်ရှုရပါတယ်။

ကွန်ပျူတာရှေ့ ထိုင်လိုက်ရင် ခုနကပြောတဲ့ အီးဘုတ်တို့၊ ဘလော့ဂ်တို့ကို ဖတ်ရှုနိုင်တာ ဖြစ်ပေမယ့် ကျနော်တို့ဟာ စက္ကူပေါ်မှာ ပုံနှိပ်ထားတဲ့ စာအုပ်တွေကို ဖတ်ရတာပဲ ကျေနပ်နေကြတယ်။ စာအုပ်တွေဖတ်ရတာ အချိန်တွေကိုလည်း အာခံနိုင်တယ်။ နယ်နိမိတ်တွေကိုလည်း ချိုးဖျက်နိုင်တယ်။ သေခြင်းတရားကိုလည်း ငြင်းပယ်နိုင်ကြပါတယ်။ စာအုပ်တွေကို ဖတ်ရတဲ့အတွက် ပျော်ရွှင်ကြည်နူးမှု ရစေတာတော့ အထွေအထူး ပြောစရာမလိုပါဘူး။ စာအုပ်ကြောင့် လူရဲ့အာရုံထဲမှာ အနံ့၊ အသံ၊ အထိအတွေ့ စတာတွေကို ခံစားနိုင်တာက အမှန်ပါပဲ။ ကျေန်ာတို့ဟာ စာအုပ်ဖတ်ရင်းနဲ့ မိမိရဲ့လက်ရှိကမ္ဘာထဲကနေ စာအုပ်ထဲမှာပါတဲ့ ကမ္ဘာကို ရောက်ရှိသွားတော့တာပဲ။ စာရေးဆရာက ဖန်တီးနိုင်သလောက် ကျနော်တို့ရဲ့ စိတ်အာရုံကလည်း စာအုပ်က ဖန်တီးထားတဲ့ ကမ္ဘာထဲ ခြေစုံပစ် ရောက်ရှိသွားတယ်။ မိတ်ဆွေတယောက်ဆီက စာအုပ်ငှားဖတ်တဲ့အခါ တတွဲပြီးတာနဲ့ နောက်တတွဲ ပြတ်မသွားအောင်  အမြန်ဆုံး ငှားရမ်းဖတ်ရှုရတယ်။ စာအုပ်ထဲက စွန့်စားခန်းဟာ မိမိရဲ့စွန့်စားခန်း ဖြစ်လာတယ်။ စာအုပ်ထဲက ကြေကွဲမှု၊ ဒေါသဖြစ်မှုကလည်း မိမိရဲ့ ဒေါသနဲ့ သောက ဖြစ်လာပါတယ်။ စာအုပ်ထဲက ခရီးစဉ်ကို ဖတ်ရရင် မိမိလည်း ခရီးစဉ်ထဲ ရောက်သွားတယ်။ စာအုပ်ထဲမှာ အာဖဂန်နစ္စတန်ကိုဖတ်ရရင် မိမိလည်း အာဖဂန်နစ္စတန်ကို မရောက်ဘူးပေမယ့် ရောက်သွားသလိုပါပဲ။ ယဉ်ကျေးမှုတွေဟာ စာကြည့်တိုက်တွေထဲမှာ ရှိနေကြပါတယ်။

စာပေနဲ့ စာကြည့်တိုက်တွေဟာ လူသားအတွက် အသိဉာဏ်ပညာနဲ့ ယဉ်ကျေးမှုကို ဖြစ်ထွန်းစေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ပန်းတိုင်တွေကို စာအုပ်တွေက ဖန်တီးနိုင်စွမ်း ရှိပါတယ်။ စာအုပ်တွေထဲမှာ ခိုလှုံစရာ ကွန်းတွေရှိသလို၊ လျှောက်လှမ်းစရာ လမ်းတွေလည်း ရှိပါတယ်။ ဒါကြောင့် စာအုပ်မရှိတဲ့ ကမ္ဘာကြီးဟာ ဘာဖြစ်သွားမလဲဆိုတာ မှန်းဆကြည့်ကြပါ။ စာအုပ်မရှိတဲ့ ကမ္ဘာကြီးဟာ အတွေးအခေါ်မရှိတဲ့ ကမ္ဘာကြီး ဖြစ်သွားမယ်။ မေတ္တာတရားမရှိတဲ့ သမိုင်းမရှိတဲ့ အသံမရှိတဲ့ ကမ္ဘာကြီး ဖြစ်သွားမှာပေါ့။

(ဤဆောင်းပါးကို ဖိလစ်ပိုင်မှ စာရေးဆရာ မစ်ဂွဲလ်ဆိုင်ဂျူကို (Miguel Syjuco) က ရေးသားပါတယ်။ သူဟာ ထင်ရှားတဲ့ စာရေးဆရာတဦး ဖြစ်ပါတယ်။)

Ref; R.D, September, 2010.

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013