အီရန်က လေကြောင်းကာကွယ်ရေးစနစ်အသစ်ကို သုံးပြီး အမေရိကန်တိုက်လေယာဉ်တစင်း၊ ဒရုန်း ၃ စင်းနဲ့ ခရုဇ်ဒုံးကျည် ၂ စင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ခါတမ်အယ်လ်အန်ဘီယာ ပူးတွဲစစ်ရေး ကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ဇိုလ်ဖာကာရီက ဧပြီ ၄ ရက်မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်ပြန်ပြောပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်က အစ္စရေးနိုင်ငံရှိ နေရာ အမျိုးမျိုးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။
ကူဝိတ်နိုင်ငံရှိ အမေရိကန် HIMARS ဒုံးပစ်လောင်ချာတွေနဲ့ ဘာရိန်းနိုင်ငံက ပက်ထရီရော့ ဒုံးကျည်တွေကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
အီရန်ဟာ လေပိုင်နက်ကို အပြည့်အဝထိန်းချုပ်နိုင်မှာ သေချာတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အီရန်ရဲ့ပစ်ခတ်မှုကြောင့် ထိုင်ခုံ ၂ ခုံပါ အမေရိကန် F-15E ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့တယ်လို့ ၂ နိုင်ငံစလုံးက အရာရှိ တွေက အတည်ပြု ပြောခဲ့ပြီး အီရန်ရဲ့ပစ်ခတ်မှုကြောင့် ကူဝိတ်မှာ ပျက်ကျခဲ့တဲ့ A-10 Warthog တိုက်လေယာဉ်ကနေ လေယာဉ်မှူး ခုန်ထွက်ခဲ့တယ်လို့ အမေရိကန် အရာရှိ ၂ ယောက်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ကောင်းကင်ယံကို လုံးဝထိန်းချုပ်ထားနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်တို့က အခိုင်အမာပြောဆိုနေပေမဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ဒဏ်ရာပမာဏကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။










