
တောင်ကိုရီးယားနိုင်ငံဟာ ပြောင်းလဲလာတဲ့ လုံခြုံရေးပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ နယ်နိမိတ်ချင်း ပြိုင်တူသွယ်တန်းထားတဲ့ အရပ်သားသွားလာခွင့် ကန့်သတ်မျဉ်းကို နယ်စပ်ဘက်ကို တိုးရွှေ့ပြီး ဧရိယာကျဉ်းမြောင်းအောင် လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးက ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
"အရပ်သားထိန်းချုပ်ရေးမျဉ်း" လို့ ခေါ်တဲ့ အဲဒီမျဉ်းဟာ လောလောဆယ်မှာတော့ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး သတ်မှတ်ခဲ့တဲ့ စစ်မဲ့ဇုန် (MDL) ရဲ့ တောင်ဘက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) အကွာအထိ ရှိနေတာပါ။ အဲဒီနယ်မြေထဲကို ဝင်ရောက်ဖို့ဆိုရင် စစ်တပ်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်ဂယူဘတ်က စစ်မဲ့ဇုန်ကနေ ပျမ်းမျှ ၆ ကီလိုမီတာ (၃ ဒသမ၇ မိုင်) အကွာအထိ အရပ်သားသွားလာခွင့် ကန့်သတ်မျဉ်းကို ရွှေ့ပေးလိုက်တဲ့ အခုပြောင်းလဲမှုဟာ ဒေသခံတွေက နှစ်ပေါင်းများစွာ တောင်းဆိုလာတာကို တုံ့ပြန်လုပ်ဆောင်ပေးတာဖြစ်ပြီး တောင်ကိုရီးယားရဲ့ ကာကွယ်ရေး အသင့်ပြင်ဆင်ထားမှု အားကောင်းလာတာကြောင့်လည်း ပါတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနဟာ နယ်စပ်အနီးတဝိုက် နယ်မြေတွေမှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ကိုလည်း လျှော့ချပေးဦးမှာဖြစ်ပြီး အဲဒီထဲမှာ စိုက်ပျိုးရေးအတွက် ဒရုန်းမောင်းနှင်ရာမှာ သတင်းပို့ရမဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖြေလျှော့ပေးတာမျိုးလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တာဝန်စတင်ယူခဲ့တဲ့ သမ္မတ အီဂျယ်မြောင်ရဲ့ လစ်ဘရယ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ လျှော့ချနိုင်ဖို့ ခြေလှမ်းတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ အိမ်နီးချင်း တောင်ကိုရီးယားအပေါ် ရန်လိုတဲ့သဘောထားကို ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Source: Reuters










