DVB Logo
Home
Lead Story
အစိုးရတပ်က စည်းဖောက်တဲ့အတွက် တိုက်ပွဲဖြစ်တာ - ကေအိုင်အေ
DVB
·
June 18, 2015
အစိုးရတပ်က စည်းဖောက်တဲ့အတွက် တိုက်ပွဲဖြစ်တာ - ကေအိုင်အေ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်ကြား ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ  ၂၊ တပ်ရင်း ၆ က တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ ဘယ်လိုကနေ စဖြစ်တာပါလဲ။

“ဒီတခေါက်တိုက်ပွဲက ရှေ့တန်းစခန်းငယ်လေးတွေကို သူတို့လာတိုက်တယ်။ ကျနော်တို့က ကိုယ့်စခန်းမှာ ကိုယ်နေနေတဲ့ဟာကို သူတို့က လာတိုက်တာပါ။ အဲဒီကနေစပြီး ၃ ရက်ဆက်တိုက် မနေ့က ညနေ ၅ နာ၇ီအထိ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ (မွန်းလွဲ တစ်နာရီမေးမြန်းချက်) လောလောဆယ်တော့ ငြိမ်နေတယ်။”

တိုက်ပွဲက ဘယ်နေရာတွေမှာဖြစ်ခဲ့တာလဲ။

“လုံးခင်းနဲ့ ၁၀ မိုင်ကျော်လောက် ဝေးတဲ့နေရာမှာပါ။ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ ကနေ စဖြစ်တာ၊ မနေ့က ညနေ ၅ နာရီကျော်ထိ ဆက်တိုက်ပါပဲ။ ဖြစ်တဲ့နေရာကလည်း တော်တော်များပါတယ်။ ကျနော်တို့ တပ်ရင်း ၆ ဧရိယာ ပတ်ဝန်းကျင်မှာကိုက ၇ နေရာ၊ ၈ နေရာလောက်။ ပြီးတော့ ဖားကန့်နဲ့ မိုးကောင်းသွား ကားလမ်းအပိုင်းမှာရော ၃ နေရာ၊ ၄ နေရာလောက် တိုက်ပွဲဖြစ်သွားပါတယ်။”

ထိခိုက်ဒဏ်ရာရမှု အခြေအနေ။

“ဒါလောက်ထိ ပြင်းထန်တယ်ဆိုတော့  ထိခိုက်ဒဏ်ရာရမှုတော့ ရှိမှာပါ၊ နှစ်ဘက်လုံးပဲ။ ကျနော်တို့ဘက်က နှစ်ယောက် သုံးယောက် ဒဏ်ရာရပါတယ်။ ဟိုဘက်ကလည်း တော်တော်ဒဏ်ရာရတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိပါဘူး။”

အခုက အစိုးရတပ်ရဲ့ ဘယ်တပ်ရင်းနဲ့ ဖြစ်နေတာလဲ။

“၄ ရင်းရှိတယ်။ တပ်ရင်း ၄ ရင်းနဲ့ တိုက်နေတာ။ ခမရ  ၄၂၅၊ ခမရ ၄၂၂၊ ခမရ ၄၂၈ နဲ့ ခမရ ၄၂၄  အင်အား ၄၀၀ ကျော်။”

အဲဒီဖားကန့်ဘက်မှာ တိုက်ပွဲမဖြစ်တာ ကြာပြီနော်၊ အခုပြန်ဖြစ်နေတာ ဘာကြောင့်လဲ။

“လွန်ခဲ့တဲ့ ဧပြီလလောက်ကစ တိုက်ပွဲမရှိပါဘူး။ ကျနော်တို့လည်း အေးဆေးပါပဲ၊ ဌာနချုပ်ရဲ့ ညွှန်ကြားချက်လည်း ရှိတယ်လေ။ တိုက်ခိုက်မှု အရှိန်လျှော့ထားတယ်၊ စစ်ရေးတွေ ဘာမှမလုပ်ပါနဲ့ဆိုလို့ ကျနော်တို့လည်း ကိုယ့်စခန်းမှာ ကိုယ်နေနေတာ။ ဒါပေမယ့် သူတို့က စခန်းကို အလစ်အငိုက် ၀င်တိုက်တဲ့သဘောပါ၊ အဲဒါကနေ စဖြစ်တာ။ အစိုးရက သူတို့ပြောနေကျက နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ၀င်လာတာ။ အမှန်က ကျနော်တို့ဆီမှာ လူဆိုးသူခိုးမရှိဘူး၊ ဓားပြလည်းမရှိဘူး၊ ဒါလောက်ငြိမ်းချမ်းတဲ့နယ်မြေမှာ သူတို့နယ်မြေလာရှင်းတော့မှပဲ ထွက်ပြေးရတဲ့ အခြေအနေရောက်ရတယ်၊ ဒုက္ခရောက်တယ်၊ ရွာသူရွာသား ၁၀၀ လောက် ကျနော်တို့ဘက်ကို ထွက်ပြေးလာတယ်။ ကလေးတွေလည်း ပါတယ်။”

သူတို့က ဘယ်ရွာကလဲ၊ ဘယ်နေ့က ထွက်ပြေးကြတာလဲ။

“ဆိုင်းဂျာရွာရယ်၊ ဆွတ်ကျိုင်င်ရယ်၊ အောင်လင်းဆိုတဲ့ရွာက၊ မနေ့ နေ့လယ်က ရောက်လာတယ်။ ကျနော်တို့လည်း လုံခြုံတဲ့နေရာမှာ ထားပေးပါတယ်။  လမ်းကြောင်းအခြေအနေ ကောင်းရင်တော့ လုံးခင်းဘက်က ဒုက္ခသည်စခန်းကို ပို့ပေးမလို့ပါ။”

အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ၊ ငြိမ်သက်သွားပြီလား။

“ဒီမနက်တိုက်ပွဲမရှိဘူး၊ ဒါပေမယ့် ငြိမ်သွားပြီလို့တော့ ပြောလို့မရဘူး၊  နှစ်ဘက်လုံးက အဆင်သင့်ဖြစ်နေတာ၊ ဒီတိုင်းပဲ မနက်ပိုင်းငြိမ်ပြီဆို ညနေပိုင်းပြန်စ အဲဒါမျိုးပဲ ဖြစ်နေတာ။ သူတို့က အောင်လင်းဆိုတဲ့ရွာထဲမှာ ၀င်နေတာ၊ အဲဒီ အောင်လင်းတို့၊ ဆွတ်ကျိုင်တို့၊ ဆိုင်းဂျာတို့ဆိုတာ အရင်က ကျနော်တို့ထိန်းချုပ်မြေတွေ၊ အစိုးရတပ်နဲ့ ကျနော်တို့ တပ်ကြားမှာရှိတယ်။ အစိုးရတပ်က အတင်းဝင်တိုက်တော့ သူတို့လည်း ထွက်ပြေးရတာပေါ့။ ဘာပစ္စည်းမှ မယူနိုင်ဘူး။ တချို့က ဘုရားကျောင်း တက်နေရင်းနဲ့ စစ်တပ်ဝင်လာပြီ ဆိုတဲ့ခါ ဒီတိုင်း အ၀တ်တထည်ကိုယ်တခု ပြေးလာကြတာ။”

ဒီလိုဖြစ်နေတဲ့အပေါ်မှာ ကေအိုင်အေနဲ့အစိုးရ ပေါင်းပြီးဖွဲ့ထားတဲ့ ပဋိပက္ခ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ကိုကော အကြောင်း မကြားဘူးလား။

“အကြောင်းကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က လိုက်နာပေမယ့် အစိုးရတပ်ဘက်က လိုက်မနာဘူးလေ၊ အဲဒါကြောင့် ထိတွေ့ပစ်ခတ်နေရတယ်။”

မနေ့က ဖားကန့်မှာ လုံခြုံရေးရဲကင်းတွေ ဗုံးနဲ့ အပစ်ခံရတယ်၊ အဲဒါ ရဲတပ်ဖွဲ့က ကေအိုင်အေလက်ချက်လို့ ပြောပါတယ်။ အဲဒီအတိုင်းပဲ ကေအိုင်အေက တကယ်လုပ်တာလား။

“ဒါနဲ့ပတ်သက်လို့ ကေအိုင်အေက လုပ်တယ်လို့တော့ တထစ်ချတော့ ပြောလို့မရဘူးခင်ဗျ။ တဘက်နဲ့တဘက် အစိုးရနဲ့ ကျနော်တို့ကြား ပဋိပက္ခပိုကြီးထွားအောင်  တောမီးလောင် တောကြောင်လက်ခမောင်းခတ်ချင်တဲ့ လူတွေလည်း ရှိချင်ရှိမယ်။ တချို့က ကျနော်တို့ မတိုက်ခိုက်တာကို အားမရလို့ အခြေအနေ ဖန်တီးတာလည်းဖြစ်မယ်။ တချို့က တိုက်ပွဲဖြစ်ရင် ကုမ္ပဏီတွေ အလုပ်မလုပ်လို့  ရေမဆေးကျောက်ရှာရတာ ပိုလွတ်လပ်တယ်လို့ ပြောတာလည်း ရှိတယ်။ ဖားကန့်တခုလုံးမှာ ယမ်းတန်ချီထောင်ချီရှိတော့ လက်လုပ်ဗုံးဆို အလွယ်တကူလုပ်လို့ ရနေတာပဲလေ။”

နောက်ထပ် ဘာဖြည့်စွက်ပြောလိုပါသလဲ။

“မရှိတော့ပါဘူး၊ ဒီတိုက်ပွဲတွေဟာ အစိုးရတပ်ပိုင်းက စည်းဖောက်တဲ့အတွက်မို့ ဖြစ်ရတဲ့တိုက်ပွဲလို့ပဲ ပြောချင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013