DVB Logo
Home
မေးမြန်းခန်း
ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဆွေးနွေးရန် အစိုးရသစ်ကိုကမ်းလှမ်း
DVB
·
April 10, 2011
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေထဲမှာ တပ်အင်အား အများဆုံးနဲ့ ရပ်တည်နေတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန် အစိုးရသစ်ကို ကမ်းလှမ်းလိုက်ပါတယ်။

သူတို့ပါတီအပါအ၀င် တိုင်းရင်းသားအင်အားစုတွေက ပြဿနာအရပ်ရပ်ကို တွေ့ဆုံညှိနှိုင်းဖြေရှင်းရေးကို လိုလားကြတယ်လို့ ပါတီပြောခွင့်ရသူ ဦးအောင်မြင့်က     ပြောဆိုလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါဘူးလို့လည်း သူက ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဦးအောင်မြင့်ကို မေးမြန်းထားပါတယ်၊။

“ဝ” တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်တယ်လို့ သတင်းကြားရပါတယ် အဲဒါ ဟုတ်ပါသလား ခင်ဗျ။

“မဟုတ်ပါဘူး။ ဒီကိစ္စ ကျနော်တို့လည်း မနေ့က သူတို့ လာမေးတာ ရှိတယ်။”

အဲဒီမှာ အခြေအနေက ဘယ်လိုရှိပါသလဲ အရင်အတိုင်းပဲလားခင်ဗျ။

“ကျနော်တို့ အခြေအနေက ကောင်းပါတယ်။ အရင်အတိုင်းပါပဲ။”

အစိုးရနဲ့ ကြားထဲမှာကော ဆွေးနွေးဖို့ အခြေအနေမျိုးတွေ ရှိပါသလားခင်ဗျ။

“ကျနော်တို့ကတော့ ဆွေးနွေးဖို့တော့ ရှိတယ်လေ။ ဒါပေမယ့် ဘယ်အချိန် ဆွေးနွေး ဖြစ်မလဲတော့ မသိဘူးလေ။”

“ဝ” ဒေသကို အစိုးရဘက်နေပြီးတော့ပေါ့နော် စားနပ်ရိက္ခာတွေ တင်ပို့တာကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို အခြေအနေ ရှိပါသလဲခင်ဗျ။

“ပြဿနာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီဒေသမှာက ခက်ခဲဆင်းရဲပေမဲ့လေ ရှေးခေတ်ကနေပြီးတော့ အခုထိပါပဲ ပြည်တွင်းကဟာတွေကို အဓိက မှီခိုနေတာ မဟုတ်ဘူးဗျ။ ဒါကြောင့် ပြဿနာတော့ မရှိပါဘူး။”

တက်လာမယ့် အစိုးသစ်လက်ထက်မှာနိုင်ငံရေးအရ စကားပြောမယ် ဒါမှ မဟုတ်လို့ရှိရင်လည်း လက်နက်အပ်ရေးတို့ စွန့်ရေးတို့ ပြောမယ်ဆိုတာမျိုးတွေ ရှိခဲ့တယ်။ ဆိုတော့ အခု တက်လာတဲ့ အစိုးရသစ်နဲ့ ဘယ်လိုဆက်ဆံပြီး ပြောဆိုမှာပါလဲခင်ဗျ။

“ဒါက တွေ့ပြီးမှ ပြောရမှာပေါ့။”

တွေ့ဖို့ရော အစီအစဉ်ရှိပါသလား။ တွေ့ဖို့ကို “ဝ” တပ်ဖွဲ့က တောင်းဆိုထားတာ တွေရော ရှိပါသလား။

“အခုအထိတော့ အခြေအနေက အစိုးရဘက်ကလည်း ဘာမှတော့ ပြောတာ မရှိသေးပါဘူး။”

“ဝ” တပ်ဖွဲ့ဘက်ကရော တောင်းဆိုတာမျိုး ပြောဆိုတာမျိုး ရှိပါသလား။

“ကျနော်တို့ဘက်ကတော့ ဆွေးနွေးဖို့ သဘောထားဆန္ဒ ရှိပါတယ်။”

ဒါဆိုရင် လူလွှတ်ပြီးတော့ ပြောဆိုတာမျိုး စာပို့တာမျိုး တွေရော ရှိပါသလား။

“မရှိသေးပါဘူး။”

အခုတက်လာတဲ့ အစိုးရသစ်အပေါ်မှာ ဒီ “ဝ” တပ်ဖွဲ့အနေနဲ့ ဘယ်လို သဘောထားမျိုး ရှိပါသလဲ။

“ကျနော် တဦးချင်းအနေနဲ့လည်း ပြောလို့ မကောင်းပါဘူး။ အများအားဖြင့် ကျနော်တို့ကတော့ နိုင်ငံတော်အစိုးရပဲလေ သဘောထားတာပဲ။ ကျနော်တို့ကလည်း ဒီ ခွဲထွက်ဖို့ ဘာဖို့ ညာဖို့ ဒါ လုံးဝမှာ မရှိတာ။ ဒီ စဉ်းစားမှုကိုတောင် မရှိဘူးလေ။ တိုင်းပြည်တည်ငြိမ်ရေး၊ ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လုပ်ဖို့ ဆန္ဒရှိပါတယ်။”

ဒီအစိုးရသစ် လက်ထက် နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ ကြားမှာ နားလည်းမှု ရနိုင်မယ်လို့ မျှော်လင့်ပါသလား။

“မျှော်လင့်ပါတယ်။”

ဘယ်လိုအခြေအနေမျိုးတွေကြောင့် မျှော်လင့်တာပါလဲ။

“ကျနော်တို့ တခုလုံးကျတော့လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရယ်၊ ဒေသတည်ငြိမ်အေးချမ်းရေးရယ်၊ တိုင်းပြည်အေးချမ်းရေးရယ် ဒီ မျှော်မှန်းချက် တွေက ရှိနေတော့။”

အခုဆိုရင် ဒီ ရှမ်းပြည်ပေါ့နော်၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ပေါ့။ နယ်ခြားစောင့်ပြည်သူ့စစ်ကို လက်မခံတဲ့အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာလည်း ရှိတော့ တချိန်ချိန်မှာရော ဒီ အစိုးရသစ်လက်ထက်မှာ ဒီ “ဝ” ဒေသဘက်ကို တိုက်လာနိုင်တဲ့ အနေအထားမျိုးရော မရှိနိုင်ဘူးလားခင်ဗျ။

“ဒါကတော့ ပြောရမှာလည်း ခက်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အခုနက ပြောတဲ့အတိုင်းပဲပေါ့နော်။ အခြားတိုင်းရင်းသားတွေလည်း ဒီလိုပဲပေါ့။ အခြားဒေသတွေလည်း ဒီလိုပဲပေါ့။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးနိုင်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆန္ဒရှိပါတယ်။”

နှစ်သစ်အတွက် “ဝ” ပြည် သေးစည်းညီညွတ်ရေးအဖွဲ့အနေနဲ့ မြန်မာပြည်သူတွေအတွက် ဘာများ ဆုတောင်းချင်ပါသလဲ။

“တိုင်းပြည်ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေပေါ့ အစိုးရသစ်ရဲ့ ဦးဆောင်မှု အောက်မှာ။”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီဟာ လက်နက်ကိုင်အင်အား သုံးသောင်း ၀န်းကျင်ခန့် ရှိနေပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံတဲ့နောက် အစိုးရက မနှစ် နှစ်ကုန်ပိုင်းမှာတော့ လုံးဝ လက်နက်ချခိုင်း ထားပြီး အပစ်ရပ်ကာလတုန်းကလို နွေးနွေးထွေးထွေး ဆက်ဆံရေး မရှိတော့ဘဲ ပျက်ပြားခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013