DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ငြိမ်းစုစီပုဒ်မနှင့် ပြစ်ဒဏ်စီရင်ခံရ
DVB
·
June 18, 2015
မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ငြိမ်းစုစီပုဒ်မနှင့် ပြစ်ဒဏ်စီရင်ခံရ
Donate to DVB

မကွေးတိုင်း မကွေးမြို့နယ်တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ပုဒ်မ ၁၈ ကို ကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ပါတယ်။

မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ မနှစ် ၆ လပိုင်း ၁၉ ရက်နေ့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုချက်မရဘဲ ကျင်းပတယ်ဆိုပြီး  မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွေးကိုက စွဲဆိုတဲ့အပေါ် စစ်ဆေးပြီး ဇွန်လ ၁၅ ရက်နေ့မှာ စီရင်ချက်ချပါတယ်။

ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၁ လ စီရင်ခဲ့တဲ့အပေါ် ဒဏ်ငွေပေးဆောင်ခဲ့တဲ့   ဦးနေမျိုးကျော်က ဒီတရားရုံးစီရင်ချက်ဟာ တရားစီရင်ရေးကျင့်ဝတ်ကို ဖောက်ဖျက်တယ်လို့ ဝေဖန်ပါတယ်။

သူက “ဒီဒဏ်ငွေ ၂ သောင်းက တရားမျှတမှုမရှိဘူး။ ဒီဆုံးဖြတ်ချက်ဟာ လက်သင့်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေမှာလည်း ပုဒ်မ ၄၀၃ နဲ့ ဖြစ်စဉ်တခုတည်းကို အမှု ၂ မျိုး၊ ၃ မျိုးနဲ့ တရားစွဲဆိုခွင့်မရှိဘူး။ ဒါ တရားစီရင်ရေးရဲ့ ကျင့်ဝတ်ဥပဒေပဲ။ နောက်တခုက ၁၉၇၃ ခုနှစ် စကားရပ်များဆိုင်ရာ အဓိပ္ပာယ် ထွက်ဆိုချက်မှာလည်း ဖြစ်စဉ်တခုတည်းကို ပုဒ်မတခုနဲ့ အရေးယူ အပြစ်ပေးထားပြီးသား ကိစ္စတခုကို နောက်ထပ်ပုဒ်မ ၁ ခုနဲ့ ထပ်မံတရားစွဲဆို အရေးယူမှု လုပ်ခွင့်မရှိဘူး” လို့ ပြောပါတယ်။

ဒီလူထုဟောပြောပွဲနဲ့ပတ်သက်လို့ ဦးနေမျိုးကျော်ဟာ သုံးကြိမ်တိုင် တရားစွဲဆိုခံခဲ့ရပါတယ်။ ပထမဆုံးအကြိမ်က ဟောပြောပွဲကျင်းပပြီး ရက်ပိုင်းအကြာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက တရားလိုပြုပြီး ခွင့်ပြုချက်မရဘဲ အသံချဲ့စက်ဖွင့်မှု (ပုဒ်မ ၂၇) နဲ့ စွဲဆိုမှုဖြစ်ပြီး တရားရုံးက ဦးနေမျိုးကျော်ကို ငွေဒဏ် ၃၀၀၀ ကျပ် ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟောပြောပွဲအပြီး ၁ လကျော်ကြာမြင့်တဲ့ စက်တင်ဘာလလယ်မှာတော့ မကွေးတိုင်း သာသနာရေးဦးစီးမှူး ဦးသောင်းရွှေက ထပ်မံပြီး ဒီပွဲဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင်ကြတဲ့ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့်၊ ဦးစိုးမိုးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးမြို့က ဦးလှဆန်း၊ ဦးမောင်မောင်စိုး၊ ဦးသန်းထွန်းအောင်၊ ဦးညိုအေးနဲ့ ဦးထွန်းဦးခိုင်တို့ ၁၁ ဦးကို ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီအမှုကို လေးလခွဲခန့်ကြာ မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်ရပြီးနောက် တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားသေလွှတ်ခဲ့ပါတယ်။

တရားရုံးဆုံးဖြတ်တဲ့နေ့မှာပဲ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ထွေးကိုက ခွင့်ပြုမိန့်မရဘဲနဲ့ ဟောပြောပွဲ ကျင်းပတယ်ဆိုပြီး ငြိမ်းစုစီပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးနေမျိုးကျော်က သူတို့ဟာ ဒီဟောပြောပွဲနဲ့ ပတ်သက်လို့ ဥပဒအရ မြို့နယ်ရဲတပ်ဖွဲ့နဲ့ တိုင်းရဲတပ်ဖွဲ့ကို စာတင်ခဲ့ကြောင်း၊ ဘုရားဂေါပက၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သူက ပြောပါတယ်။

ဦးနေမျိုးကျော်က တရားရုံးရဲ့ စီရင်ချက်ကို မကျေနပ်လို့ အယူခံဆက်တက်မယ်လို့ ပြောပါတယ်။

“လက်ရှိ တရားစီရင်ရေးစနစ်ကသော်လည်းကောင်း၊ အုပ်ချုပ်ရေးအရ ၀င်ရောက်စွက်ဖက်မှုအရသော်လည်းကောင်း၊ အခုလို အဆင့်ဆင့် အရေးယူတယ်ဆိုတာဟာ လုံးဝ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုတဲ့ ဒီလိုနိုင်ငံမျိုးမှာ မဖြစ်သင့်ဘူး။ ဒါနဲ့ပတ်သက်ပြီး တရားမျှတမှုအတွက် အမှန်တရားအတွက် ရင်ဆိုင်သော်လည်းပဲ အခုလို ဒဏ်ငွေ ၂ သောင်း၊ ထောင်ဒဏ် ၁ လဆိုတာကိုက တော်တော်ကို ပြင်းထန်တယ်။ ဒါကြောင့်မို့ ကျနော် လုံးဝ သဘောမတူဘူး။ အယူခံတက်မယ်။” လို့ ပြောပါတယ်။

ဟောပြောပွဲကျင်းပပြီး တနှစ်တာ ကြာမြင့်ချိန်မှာ အမှု ၃ မှုကို ရင်ဆိုင်အချိန်ပေးရတဲ့အတွက် နစ်နာပြီး အလုပ်ပျက်စေတယ်လို့ သူကပြောဆိုပြီး တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်တယ်လို့ ထောက်ပြပါတယ်။

“ဥပဒေပုဒ်မတွေအရ အရေးယူခံရရင်တောင်မှပဲ ဒဏ်ငွေတို့၊ အမြင့်ဆုံးထောင်ဒဏ်တို့က ၅ လ ၆ လလောက်ပဲ ဖြစ်နေရင် ၉ လလောက်ကြာမှ တရားစွဲဆိုတော့ အလွန်အင်မတန် တဘက်ကို နစ်နာတယ်။ အဲဒါ ရဲကိုပြောတော့ “ဒါ ကျနော်တို့ကို ချက်ချင်းတရားစွဲဆိုဖို့ ခိုင်းတာမျိုး မလုပ်ပါဘူးလို့ ကျနော်တို့ကို ရဲက ပြောတာပဲဗျ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အုပ်ချုပ်ရေးရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုတာ အလွန်အင်မတန် ထင်ရှားတယ်ဗျ။” လို့ ဦးနေမျိုးကျော်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ရဖို့ စီစဉ်ထားတဲ့ ပုဒ်မဖြစ်ပြီး ဒီပုဒ်မ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲပြီး နိုင်ငံတ၀န်းမှာ ဟောပြောစည်းရုံးခဲ့သလို ကောက်ခံရရှိတဲ့ လက်မှတ် ၅ သန်းကျော်ကို ပြည်ထောင်စုလွှတ်တော်ဆီ ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013