
တရုတ်ရဲ့ Moonshot AI ဟာ အမေရိကန် အသိဉာဏ်တု (AI) မိုဒယ်တွေရဲ့ စွမ်းရည်ကို ခိုးယူဖို့ အကြီးအကျယ် အားထုတ်ထားတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သိပ္ပံနဲ့ နည်းပညာ အကြံပေး မိုက်ကယ် ကရေးဆီးယို့စ်က စွပ်စွဲလိုက်ပါတယ်။
Moonshot ဟာ အမေရိကန် Anthropic ကုမ္ပဏီရဲ့ Fable AI ထံကနေ စွမ်းရည်တွေကို နည်းပညာအရ အဆီအနှစ်ထုတ်ယူပြီး သူတို့ရဲ့ Kimi K3 မိုဒယ်ကို တည်ဆောက်ခဲ့တာလို့ ဇူလိုင် ၂၂ ရက်မှာ ကရေးဆီးယို့စ်က ပြောပါတယ်။
ဒါ့အပြင် ကန့်သတ်ပိတ်ပင်ထားတဲ့ အမေရိကန် Nvidia ကုမ္ပဏီရဲ့ ခေတ်မီဆာဗာတွေကို အသုံးပြုပြီး သူတို့ရဲ့ AI မိုဒယ်ကို လေ့ကျင့်ပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ Kimi K3 မိုဒယ်ကို ပြီးခဲ့တဲ့အပတ်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အမေရိကန် ထိပ်တန်းနည်းပညာတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ Moonshot ဘက်က ကြေညာထားပါတယ်။
ဒီမိုဒယ်အသစ်ဟာ စာတကြောင်းရိုက်ပြီး ခိုင်းရုံနဲ့ ကစားလို့ရတဲ့ ဂိမ်းတခု ဖြစ်လာအောင် ဖန်တီးပေးနိုင်တယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
ဒီ AI မိုဒယ်ကို လာမဲ့ ဇူလိုင် ၂၇ ရက်မှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်မဲ့ အစီအစဉ်အနေနဲ့ အများပြည်သူအတွက် ဖြန့်ချိပေးသွားမှာပါ။
ဒီလို အမေရိကန် AI မိုဒယ်တွေရဲ့ စွမ်းရည်ကို တရုတ်က ခိုးယူထားခြင်း ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်က ဇူလိုင် ၂၁ ရက်မှာ ပြောထားပါတယ်။
တရုတ်ကုမ္ပဏီတွေအနေနဲ့ စက်မှုလုပ်ငန်းအဆင့် ခိုးယူမှုတွေလုပ်ပြီး ဉာဏပစ္စည်း မူပိုင်ခွင့်ကို ချိုးဖောက်လာရင် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဝန်ကြီး ဘက်ဆန့်က သတိပေးထားပါတယ်။
တရုတ်အစိုးရဘက်ကတော့ ဒီစွပ်စွဲချက်တွေအပေါ် တရားဝင် တုံ့ပြန်မှု မရှိသေးပေမဲ့ သူတို့ရဲ့ AI နည်းပညာ တိုးတက်မှုဟာ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုသာ ဖြစ်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။











