
ဂျိုဒီလို့ခေါ်တဲ့ နာနိုတိုင်ရန်နတ်ဒိုင်နိုဆော အရိုးတွေကို ဒေါ်လာ ၄၇ သန်းနဲ့ အောက်တိုဘာ ၂၇ ရက်က ရောင်းချခဲ့တာကြောင့် ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး ဒိုင်နိုဆောရုပ်ကြွင်း ဖြစ်လာပါတယ်။
ဒီ ဒိုင်နိုဆောလေလံပွဲကို Sotheby က စီစဉ်ခဲ့တာဖြစ်ပြီး ဖုန်း၊ အွန်လိုင်းတို့ကနေ လေလံဆွဲသူ ၆ ယောက် ရှိခဲ့ကာ ၁၂ မိနစ်အကြာမှာ လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဂျိုဒီဟာ ဒိုင်နိုဆောရုပ်ကြွင်းတွေ ရောင်းချရမှုထဲမှာ ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး ဖြစ်လာ ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဂတ်စ်လို့ ခေါ်တဲ့ T Rex အမျိုးအစား ဒိုင်နိုဆောရုပ်ကြွင်းကို ဒေါ်လာ သန်း ၅၀ နဲ့ ရောင်းချနိုင်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်က စတီဂိုဆောရက်အမျိုးအစား ရုပ်ကြွင်းကို ဒေါ်လာ ၄၄ ဒသမ ၆ သန်းနဲ့ရောင်းချမှုအပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဒိုင်နိုဆောရုပ်ကြွင်း ဖြစ်လာတာပါ။
သက်တမ်း နှစ်ပေါင်း ၆၇ သန်းရှိတဲ့ ဂျိုဒီကို အရင်တုန်းက T Rex အကောင်ငယ်လေးအဖြစ် ဖော်ပြခဲ့ကြဖူးပါတယ်။
ဒါပေမဲ့ သိပ္ပံပညာရှင်တွေ ၁၀ စုနှစ်ကျော် ငြင်းခုံခဲ့ပြီးနောက် ဂျိုဒီဟာ T rex အမျိုးအစားမဟုတ်ဘဲ ထူးခြားတဲ့ နာနိုတိုင်ရန်နတ်ဒိုင်နိုဆော ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။
နာနိုတိုင်ရန်နတ်ဒိုင်နိုဆောတွေဟာ လျင်မြန်ပြီး ပိုကြီးတဲ့ လက်မောင်းတွေ၊ လက်သည်းတွေ ရှိတယ်လို့ Sotheby ရဲ့ သိပ္ပံနဲ့ သဘာဝသမိုင်းအကြီးအကဲ ဟတ်တန်က ပြောပါတယ်။
ဂျိုဒီကို ၂၀၁၉ ခုနှစ်က တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၉ ပေ ၆ လက်မ ရှည်တဲ့ ဂျိုဒီဟာ အရှည် ၁၉ ဒသမ ၆ ပေအထိရှိကာ အရိုးရုပ်ကြွင်း ၁၉၁ ခုအထိ ပါဝင်ပါတယ်။
သူ့မှာ ဦးခေါင်းခွံအတွက် အရိုးပေါင်း ၅၃ ခုရှိပြီး တံတောင်ဆစ်ရိုးတွေနဲ့ လက်သည်း ၄ ခုလည်း ပါဝင်ပါတယ်။
ဂျိုဒီဟာ ကမ္ဘာပေါ်မှာရှိတဲ့ နာနိုတိုင်ရန်နတ်ရုပ်ကြွင်း ၃ ခုအနက် တခုဖြစ်ပြီး သူ့ရဲ့ ရုပ်ကြွင်းပြည့်စုံမှု ကို ကြည့်ရင်လည်း ကမ္ဘာ့ ဒုတိယမြောက် ရုပ်ကြွင်းအပြည့်အစုံရှိတဲ့ ဒိုင်နိုဆော ဖြစ်ပါတယ်။
ဒိုင်နိုဆောရုပ်ကြွင်း ရောင်းချမှုတွေထဲမှာ ဒိုင်နိုဆော ပုံစံတူ ပြုလုပ်ရောင်းချမှုနဲ့ သရုပ်ဖော်ပုံတွေ အတွက် ပိုင်ဆိုင်မှုလည်း ပါဝင်ပါတယ်။
Source: Reuters











