DVB Logo
Home
နိုင်ငံရေး
ဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် အချိန်တန်ပြီဟု ၀န်ကြီး ပြော
DVB
·
April 10, 2011
Donate to DVB

ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီဖျက်သိမ်းပြီး အစိုးသစ် ပေါ်လာပြီဖြစ်လို့ ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်လည် ပို့ဆောင်ရေးကို စဉ်းစားချိန်တန်ပြီလို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဝန် နိုင်စမ်မလွိုင်ဖား Samart Loifah က ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်ကို ဩစတြေးလျ နက်ဝပ်ခ်နယူးမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီတာ့ခရိုင်ထဲမှာ သောင်းနဲ့ချီတဲ့  ဒုက္ခသည်တွေ ရှိနေသလို မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမား တော်တော်များများဟာလည်း အဲဒီတာ့ခရိုင်ထဲက မဲဆောက်မှာ အလုပ်လုပ်နေကြပါတယ်။

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ကာလရှည်ကြာ ဆက်လက် ဖြစ်ပွားတော့မှာ မဟုတ်တဲ့အတွက်   ထိုင်းဒေသခံတွေအနေနဲ့ ဒုက္ခသည်ကို ကိုယ့်ဆန္ဒအလျောက်ပြန်ဖို့ တိုက်တွန်းသင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကိုကူညီနေတဲ့ နိုင်ငံတကာအလှူရှင်တွေလည်း ဒုက္ခသည်တွေ ပြန်အောင် တွန်းအားပေးတဲ့အနေနဲ့ ဒုက္ခသည်စခန်းတွေကို လှူဒါန်းနေတဲ့ သူတို့ရဲ့အလှူကို လျော့ပေါ့ပေးသွားဖို့လည်း တိုက်တွန်းချက်ကို   သတင်း မှာ ဖော်ပြထားပါတယ်။

တာ့ခရိုင်ဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နဲ့ မျက်နှာချင်းဆိုင် မဲဆောက်မြို့ပါဝင်တဲ့ ထိုင်းဘက်ခြမ်းက ဖြစ်ပါတယ်။

တာ့ခရိုင်ဝန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တာခရိုင် ဖုတ်ဖရမြို့နယ် နို့ဖိုးဒုက္ခသည် စခန်းမှာနေတဲ့  ဒုက္ခသည် စောတာပယ်ဆဲက အခုလို ပြောပါတယ်။

“အစိုးရက ပြန်ခိုင်းလို့လည်း မပြန်ဘူးလေ။ ပြန်ဖို့ ရွာလည်း မရှိဘူး။  ငယ်ငယ်တုန်းက နေခဲ့တဲ့ ရွာတွေလည်း ပျောက်ကုန်ပြီ။ ဘယ်မှာ ပြန်နေရမလဲ မသိသေးဘူး အခုက။ ရှေ့နှစ်အဖို့ ပြန်ခိုင်းမယ်ဆိုရင်လည်း လုံခြုံမှုလည်း မရှိဘူး။ အခု နယ်စပ်မှာ ပြန်ကြည့်မယ်ဆိုရင် မိုင်းတွေ စစ်ပွဲတွေလည်း အမြဲတမ်း ဖြစ်နေတုန်းပဲ။”

နယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ကွင်းဆင်းတာဝန်ခံ အဲလ်ဘတ်ကတော့ လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ ပြန်ရမယ်ဆိုရင် စားဝတ်နေရေး၊ နေရာထိုင်ခင်း အများကြီး ပြဿနာရှိနိုင်ပြီး ပြန်ရင် သူတို့အနေနဲ့ ဘဝအသစ်တခုကို ပြန်ပြီးတော့ ထူထောင်ရသလိုမျိုး  ဖြစ်လာမယ်လို့ ပြောပါတယ်။

မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ စောထွန်းထွန်းကတော့ အစိုးရသစ်လက်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးလို့ မရသေးတဲ့အတွက် ပြန်နိုင်မယ့် အလားအလာ မတွေ့ဘူးလို့ ပြောပါတယ်။

“အခုအစိုးရအဖွဲ့က တကယ်ကို သူတို့က အပြည့်အဝ အာဏာ မရှိဘူး။ သူတို့က နိုင်ငံတော် ဥသျှောင်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်ဆိုတော့ ဒီ နယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေပဲဖြစ်ဖြစ် ဒီအစိုးရက ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည်တဲ့အတွက် ပြန်ဖို့ မျှော်လင့်ချက်ကတော့ မရှိသေးဘူးပေါ့။”

ဒါ့အပြင် အလှူရှင်တွေ လျော့နည်းသွားမှာကို မစိုးရိမ်ကြဖို့လည်း ဒုက္ခသည်တွေကို မှာကြားပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ မစိုးရိမ်ဘူးလေ။ ဒီ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ အတတ်နိုင်ဆုံး ဒီ minimum အဆင့်အတွက် ရောက်အောင်တော့ အကူအညီပေးရမှာပဲလို့ ကျနော်တို့က ယုံကြည်တယ်လေ။ ဒုက္ခသည်တွေ အနေနဲ့လည်း စိတ်ဓာတ်မကျပါနဲ့၊ နိုင်ငံတကာက အဖွဲ့အစည်းတွေ ဖြစ်ဖြစ်၊ Donor community ပဲဖြစ်ဖြစ် ဒီကိစ္စတွေကို သူတို့အမြဲတမ်း ဆွေးနွေးပြီးတော့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်လို့ ကျနော်က ပြောချင်ပါတယ်။”

ထိုင်းမြန်မာနယ်စပ်တလျောက်မှာ ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ တသိန်းခွဲနီးပါး ရှိပါတယ်။ တချို့ဒုက္ခသည်စခန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကတည်းက စတည်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013