
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း၊ ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတယောက် သေဆုံးပြီး နေအိမ်တွေပါ ပျက်စီးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။
မတ် ၁၈ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ အသေခံဒရုန်း ၃ စင်းဟာ ဒိုးတောင်ရွာကို လာရောက်တိုက်ခိုက်တဲ့အတွက် နေအိမ် ၂ ဆောင် ပျက်စီးသွားပြီး ဝက်တကောင် သေဆုံးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တခါတည်း ရွာကို တန်းဝင်လာတယ်။ ပြီးတော့ အဲဒီ ဒရုန်း ၃ စင်းက ဗုံး ၃ လုံးချတယ်။ နေအိမ် ၂ ဆောင် ပျက်စီးသွားတယ်၊ ဝက်တကောင် သေတယ်။”
စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဒိုးတောင်ရွာက ဦးမြမောင်ဝင်းနဲ့ ဦးသိန်းညွန့်ချေတို့ နေအိမ် ၂ ဆောင် လုံးဝပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။
အလားတူ မတ် ၁၈ ရက် ညနေ ၆ နာရီကျော်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒိုးတောင်ရွာမှာ စစ်ရှောင်နေသူ အမျိုးသားတယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံအမျိုးသားက ပြောပါတယ်။
“သေသွားတဲ့လူက စစ်ရှောင်ပါ။ ဗုံးက ၂ လုံးကြဲခဲ့တယ်။ သူကတော့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေနဲ့ သေနေတာ တွေ့ရတယ်။”
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ရွာကနေ ဒိုးတောင်ရွာမှာ စစ်ရှောင်နေတဲ့ အသက် ၆၀ အရွယ် ဦးတင်ထီးခိုင် ဖြစ်ပါတယ်။
စစ်ကောင်စီက ကျောက်ဖြူမှာ ပထမဆုံးအကြိမ် တပ်မ ၁၁ ကို ပြောင်းရွှေ့ပြီးနောက် စကခ ၅ နဲ့ စုပေါင်းတပ်တို့နဲ့ ထိုးစစ်ဆင်ရာ စစ်ကြောင်းပြိုကွဲပျက်သွားပြီးနောက် အနီးနား ဒေသခံတွေနေတဲ့ ကျေးရွာတွေကို ထပ်မံပြီး လေကြောင်းက စတင်တိုက်ခိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။










