DVB Logo
Home
မြန်မာသတင်း
မူးယစ်တရားခံတဦးကို ပြောက်ကျားဝတ် လက်နက်ကိုင်အဖွဲ့က ရဲလက်မှလုယက်ခေါ်ဆောင်
DVB
·
June 16, 2015
မူးယစ်တရားခံတဦးကို  ပြောက်ကျားဝတ် လက်နက်ကိုင်အဖွဲ့က ရဲလက်မှလုယက်ခေါ်ဆောင်
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွှေညောင်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံတွေကို တရားရုံးထုတ်စဉ် လမ်းမှာ အမည်မသိ ပြောက်ကျားဝတ် လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ကြားဖြတ် လုယူသွားခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ ရွှေညောင်မြို့နယ် တောင်လေးလုံးအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တရားခံတဦးကို ဇွန်လ ၁၅ ရက်နေ့က တောင်ကြီးခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး အပြန် ညနေ ၅ နာရီလောက်က ရွှေညောင်အထွက် တောင်လေးလုံးမရောက်ခင် ရေနွေးရွာနားမှာ အလုခံလိုက်ရတာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ ပထမတန်း ဒုရဲမှူးကြီး စန်းလွင် က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ညနေ ၄ နာရီ ကျနော်တို့ တောင်ကြီးခရိုင်တရားရုံးကနေပြီးတော့မှ တရားခံ ကျား (၇) ဦး၊ မ (၁) ဦးပေါ့လေ တောင်လေးလုံးအကျဉ်းထောင်ကို ပြန်ပို့ဖို့ ခေါ်လာတာပါတယ်။ ညနေ ၅ နာရီလောက် ရွှေညောင်အလွန် တောင်လေးလုံးမရောက်ခင် ရေနွေးရွာနားမှာ မတ်တူးကား တစ်စီးက အရှေ့ကနေ ပိတ်ရပ်တယ်။ ပိတ်ရပ်ပြီးတော့ အစိမ်းရောင်ပြောက်ကျားအင်္ကျီဝတ်ထား တဲ့ လူ ၄ ဦး ဆင်းခဲ့ပါတယ်။ သူတို့မှာ လက်နက် ၃ လက်၊ ပစ္စတို ၁ လက်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တယ်။ အချုပ်ကားပေါ် ပါလာတဲ့တရားခံတွေထဲက မူးယစ်မှုနဲ့ဖမ်းထားတဲ့ ခွန်နန်းဆိုတဲ့ လူကို လက်ထိပ်ဖြုတ်ပေးဖို့ ပြောတယ်။ ပြီးတော့ ကားပေါ်တင်ပြီး မောင်းပြေးသွားတယ်။ သူတို့က ရုတ်ချည်းဘဲ ရဲတပ်ဖွဲ့ဝင်တွေရော အချုပ်သားတွေပါ အားလုံးချိန်ထားတဲ့အတွက် ရုတ်တရက်ဘာမှ မတုံ့ပြန်နိုင်ဘူး။ အဲဒီနောက် တချို့က တရားခံတွေ ပြန်ပို့၊ တချို့က အချုပ်ကားပေါ်ကနေ ဆင်းပြီး နောက်ကားတစီးနဲ့ သူတို့နောက်ကို ပြန်လိုက်သွားတယ်၊ ဒါပေမယ့် မမီလိုက်ဘူး။”

လက်နက်ကိုင်တွေက လုယူသွားတဲ့ တရားခံ ခွန်နန်း ဆိုသူမှာ အသက် ၂၃ နှစ်ရွယ်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ကလောအလွန် သာစည်အဆင်းလမ်းမှာ လွိုင်ကော် - ရန်ကုန် ခရီးသည်တင်ကားပေါ် စီးနင်းလိုက်ပါလာတဲ့ သူ့ဆီကနေ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ နီးပါးနဲ့အတူ ဖမ်းမိတဲ့အတွက် အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

တရားခံကို ပြန်လည်ဖမ်းဆီးရမိဖို့ တောင်ကြီး ရွှေညောင် တကြောမှ အင်းလေးကန် အနောက်ခြမ်း၊ ပင်လောင်း ဖယ်ခုံဘက်တွေ မှာပါ ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရေးတွေလုပ်နေပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံး ဒုရဲမှူးကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013