
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်အာဏာရှင်တပ်က နေ့တိုင်းလိုလို ဗုံးကြဲနေပြီး ဇူလိုင် ၁၇ ရက်မှာလည်း ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်း ပျက်စီးသွားပါတယ်။
ရွှေရခိုင်ကျေးရွာကို ဒီကနေ့ ဇူလိုင် ၁၇ ရက် ညနေပိုင်းက ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဂျက် ၂ စင်းနဲ့ ဗုံးကြဲတာ။ ရွှေရခိုင်ရွာက အုန်းခြံထဲမှာလည်း ကျတယ်။ စာသင်ကျောင်းမှာလည်း ကျတယ်။ စာသင်ကျောင်းလည်းပျက်တယ်။ နွားတကောင်သေတယ်။”
ဂွမြို့နယ်ကို ဇူလိုင်လအတွင်းမှာ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေတယ်လို့ လူမှုရေးကူညီပေးနေသူ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီက နေ့တိုင်းကြဲနေတာ။ ဒေသခံတွေ ခွေးပြေး ဝက်ပြေး။ စစ်ရှောင်လို့တောင် အိမ်ကိုမပြန်နိုင်သေးတဲ့လူတွေလည်း ရှိတယ်။ တချို့ဆို စိတ်ဓာတ်ကျလို့ သေချင်ရာ သေပါစေတော့ဆိုပြီး ဘယ်မှမပြေးတော့ဘူး။”
ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီကျော်ကလည်း ဂွမြို့နယ်ကို ၂ ကြိမ်၊ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်တပ် တပ်ရင်းဟောင်းနေရာတွေနားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းမှာလည်း ဂျက်ဖိုက်တာတစင်းနဲ့ ဂွမြို့ပေါ် ရပ်ကွက်တွေကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီမတိုင်ခင် ဇူလိုင် ၁၃ ရက်ကလည်း ဂွမြို့နယ်အနီးဝန်းကျင်ကို စစ်အာဏာရှင်က ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ဗုံး ၅၂ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။










