
ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့မှာ လုပ်ငန်းလုပ်ဖို့ မြေလုပ်ပိုင်ခွင့်တွေယူခဲ့ပေမဲ့ အမှန်တကယ် မလုပ်တဲ့ မြေဧက ၃,၆၀၀ လောက်ကို လုပ်ပိုင်ခွင့်ပြန်သိမ်းခဲ့တယ်လို့ စစ်အာဏာရှင်ရဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန် ပါတယ်။
မေ ၁၅ ရက်မှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြလာတာဖြစ်ပြီး ပေးထားတဲ့ အာမခံကြေးတွေကိုပါ သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမှာ အဏ္ဏဝါစိုးမိုးကုမ္ပဏီက ဆီအုန်းစိုက်ဖို့ မြေဧက ၅,၆၅၀ ယူခဲ့ပြီး ၃,၂၇၂ ဧကကျော်ပဲ စိုက်ပျိုးထားတာကြောင့် ကျန်တဲ့ ၂,၃၇၇ ဧကကျော်ကို သိမ်းဆည်း လိုက်ပါတယ်။
မကွေးတိုင်း၊ စကုမှာတော့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်ဖို့အတွက်ဆိုပြီး ဧက ၇၀၀ ယူထားပေမဲ့ ၃၆၅ ဧကပဲ သုံးခဲ့တာကြောင့် ကျန်တဲ့မြေတွေကို ပြန်သိမ်းလိုက်ပါတယ်။
ရန်ကုန်တိုင်းက လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနဲ့ သုံးခွမြို့နယ်တို့မှာလည်း ငါး၊ ပုဇွန်၊ ကြက်၊ မွေးဖို့၊ သီးနှံစိုက်ပျိုးဖို့ဆိုပြီး မြေဧကပေါင်း ၁,၁၄၀ လောက်ကို လုပ်ပိုင်ခွင့်ပေးခဲ့ပေမဲ့ တကယ်မလုပ်တဲ့ ၈၇၅ ဧကကို ပြန်လည်သိမ်းဆည်းပါတယ်။
မှော်ဘီနဲ့ လှည်းကူးမှာ ဗိုလ်မှူးကြီး ၃ ယောက်နဲ့ ဗိုလ်ကြီး ၁ ယောက်တို့ဟာ ကြက်ဆူ၊ ရာဘာ၊ သရက်နဲ့ သီဟိုသရက်စိုက်ဖို့၊ ကြက်နွားမွေးဖို့ဆိုပြီး မြေ ၃၅ ဧကလောက်ကို ၂၀၀၇ ခုနှစ် လောက်ကလည်းက လုပ်ပိုင်ခွင့်ယူခဲ့ပေမဲ့ လုံးဝ အကောင်အထည်မဖော်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် တခြားပုဂ္ဂလိကတယောက်ကလည်း မြေဧက ၆၆၀ လောက်ယူထားပြီး ၅၉၀ ဧကလောက်ကို အကောင်အထည်မဖော်တာကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ပြန်သိမ်းဆည်းခဲ့တာ ကို တွေ့ရပါတယ်။
မြေတွေကို ၁၉၉၂ ခုနှစ်လောက်ကနေ ၂၀၁၆ ခုနှစ်အတွင်း လုပ်ပိုင်ခွင့်ချပေးထားခဲ့တာဖြစ်ပြီး ၄ နှစ်အတွင်း အကောင်အထည်ဖော်ရမှာဖြစ်ပေမဲ့ တချို့မြေတွေက လုံးဝ အကောင်အထည် မဖော်တာ၊ တချို့မြေတွေက တဝက်လောက်ပဲ အကောင်အထည်ဖော် လုပ်ကိုင်တာကို တွေ့ရပါတယ်။










