DVB Logo
Home
မြန်မာသတင်း
အင်းလေးကန် ရေရှည်တည်တံ့ရေး လက်မှတ် ၁ သန်းလှုပ်ရှားမှုစတင်
DVB
·
June 16, 2015
အင်းလေးကန် ရေရှည်တည်တံ့ရေး လက်မှတ် ၁ သန်းလှုပ်ရှားမှုစတင်
1 / 2
Donate to DVB

ကမ္ဘာ့အမွေအနှစ် အင်းလေးကန် ရေရှည်တည်တံ့ရေး ထိန်းသိမ်းကာကွယ် ဆောင်ရွက်ပေးဖို့ ပြည်သူ ၁ သန်းဆီက လက်မှတ်တွေ စတင်ကောက်ယူပြီး အစိုးရကို တောင်းဆိုသွားမယ်လို့ ရှမ်းအမျိုးသမီးကြီးများအဖွဲ့ Senior Women of Shan State (SWSS) က ပြောပါတယ်။

တနှစ်ထက်တနှစ် ပိုမိုခန်းခြောက်လာတဲ့ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေးအတွက် ဇွန်လ ၁၅ ရက်နေ့က တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် မိုင်းသောက်မြို့မှာ ဟောပြောပွဲနဲ့ ဓာတ်ပုံပြပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က စတုရန်းမိုင်ပေါင်း ၁၀၀ ကျော်ရှိတဲ့ အင်းလေးရေပြင်ဟာ အခု ၂၄ မိုင်သာကျန်ပြီး ကာကွယ်ထိန်းသိမ်းမှုမရှိရင် နောက်ဆယ်နှစ်အကြာမှာ အရင်က လှေနဲ့ သွားရတဲ့နေရာမှာ ကားတွေနဲ့သွားလာရမယ်လို့  အင်းလေးဒေသခံ ဟောပြောပွဲဦးဆောင်သူ SWSS အဖွဲ့က ဒေါက်တာ ဒေါ်နှင်းရီအေးက ဒီဗွီဘီကို ပြောပါတယ်။

“ရေတွေ တော်တော်ကျသွားပါတယ်။ အင်းလယ်ဗိုလ်တဲဆိုရင် အရင်က ရေအနက်ပေ ၂၀ ကျော်ရှိတာ ဒီနှစ်ဆို ၄ - ၅ ပေလောက်ပဲကျန်တယ်။ ချောင်းတွေမှာဆိုလည်း အရင်က လှေနဲ့ သွားတာ အခု နုန်းမြေတွေတက်လို့ လှေက နွံထဲနစ်ပြီး ဆင်းတွန်းရတဲ့အထိ ဖြစ်နေတယ်။ သဘာ၀၀န်းကျင် ပြောင်းလဲမှုကြောင့် မိုးလည်းနည်းသွားတယ်။ တောင်ကြီးခရိုင်မှာ အရင်က မိုးရွာတဲ့ရက် ၁၅၀ ရှိတယ်၊ အခုက ၁၀၀ ပဲရှိတယ်။ မိုးရေချိန်လည်း လက်မ ၅၀ ပဲ ရွာတယ်။ ခရမ်းလွန်ရောင်ခြည်တွေလည်း များလာတယ်။ အိုင်နားမှာ ဟိုတယ်ဇုန်လာလုပ်တော့ သူတို့တူးပစ်တဲ့ မြေကြီးတွေဟာ မိုးရွာရင် အင်းရေထဲကို ဆင်းလာတယ်။ မြေစာပုံတွေက အကြီးကြီးတွေ ၆ ပေကနေ ၁၀ လောက်မြင့်တယ်။ အဲဒါကြောင့် နုန်းမြေတွေထူလာတယ်။”

ဒါ့အပြင် သီးနှံအထွက်ကောင်းအောင် ဓာတ်မြေသြဇာသုံးတဲ့အတွက် ရေထဲမှာ ဓာတုဓာတ်တွေ စိမ့်ဝင်ပြီး ငါးသားပေါက်နှုန်း ကျဆင်းတာနဲ့ ငါးတွေ သေကျေပျက်စီးတာတွေ ရှိနေတဲ့အကြောင်းလည်း ပြောပါတယ်။

မနေ့ကကျင်းပတဲ့ ဟောပြောပွဲမှာ အင်းလေးကန်ဖြစ်ပေါ်လာပုံ၊ အင်းလေးဒေသ နေထိုင်မှုဘ၀၊ ညောင်ရွှေမြို့ဖြစ်တည်လာပုံ၊ ညောင်ရွှေဟော်နန်း စတင်တည်ဆောက်ခြင်း၊ မိုင်းသောက်နဲ့ သလဲဦးကျေးရွာကြား ရှေးနှစ်ပေါင်းထောင်ကျော်က ရှိခဲ့ဖူးတဲ့ ကောသမ္ဘီဟော်နန်းသမိုင်း၊ ပတ်ဝန်းကျင် အနေအထားအရ ရေအောက်ရောက်သွားရတဲ့ စံကားဟော်နန်းအကြောင်း၊ ဟိုတယ်ဇုန်စီမံကိန်းကြောင့် ဒေသခံများရဲ့ နစ်နာဆုံးရှုံးမှုတွေကို ရပ်မိရပ်ဖလူကြီးတွေ၊ သုတေသန ပညာရှင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ကိုယ်တွေ့အခက်အခဲကြုံနေရတဲ့ တောင်သူတွေကိုယ်တိုင် လာရောက်ဟောပြောသွားခဲ့ပါတယ်။

ကမ္ဘာကျော် အင်းလေးကန် ရေရှည်တည်တံ့ဖို့အတွက် ယူနက်စကိုအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့၊ အစိုးရအနေနဲ့ ဟိုတယ်စီမံကိန်းတွေ ထပ်မံလက်မခံဖို့၊  စီမံကိန်းအတွက် သိမ်းဆည်းပြီး အသုံးမပြုတဲ့ မြေတွေ မူလပိုင်ရှင်ကို ပြန်အပ်ဖို့၊ အင်းလေးဒေသ ထိန်းသိမ်းရေး ဘဏ္ဍာငွေ သီးသန့်ချထားပေးဖို့၊ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ကြီမားလှတဲ့နုန်းမြေတွေ ပြန်ဆယ်ထုတ်ဖို့၊ ရေဝေရေလဲနေ ပြည်သူတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုသလို အင်းလေးဒေသ ပြည်သူတွေ အနေနဲ့လည်း တောင်ယာမီးရှို့စနစ်၊ ပိုးသတ်ဆေးနဲ့ ငါးဖမ်းစနစ်၊ မိလ္လာစနစ်၊ လူသေရင် ရေထဲမြှုပ်တဲ့ ဓလေ့တွေ၊ စနစ်တွေ ပြောင်းလဲဖို့၊ ပညာပေးဖို့ လိုအပ်ကြောင်းလည်း ဒေါက်တာ ဒေါ်နှင်းရီအေးက ပြောပါတယ်။

အင်းလေးကန် ကာကွယ်စောင့်ရှောက်ရေးနဲ့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး ဟောပြောပွဲမှာ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ အင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ ညောင်ရွှေစော်ဘွားကြီး သမီးတော် စ၀်ဟေမာသိုက်၊ မိုင်းသောက်မြို့နယ် ဒု-အုပ်ချုပ်ရေးမှူးနဲ့ သုတေသနပြုသူတွေ အပါအ၀င် ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013