
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ မြန်မာအစိုးရတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရာနဲ့ချီတဲ့ ချင်းဒုက္ခသည်တွေ ၃ လနီးပါး ကြာတဲ့အထိ အိမ်ပြန်ဖို့ အခက်အခဲရှိနေသလို စားဝတ်နေရေး အကူအညီတွေ လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ပလက်ဝမြို့နယ် ပျဉ်စိုရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီတိုက်ပွဲကြောင့် ရွာသူရွာသား ၃၅၀ ဟာ ရွာတွေနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
တိုက်ပွဲကြောင့် နှစ်ဘက်တပ်ဖွဲ့တွေက မြေမြှုပ်မိုင်းတွေ ကိုယ်စီထောင်ခဲ့ကြတဲ့အတွက် ရွာသားတွေအနေနဲ့ ရွာပြန်ဖို့ အခက်အခဲရှိနေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ အရေးတကြီး လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံချက်တာဝန်ခံ မိုင်သင်းယုမွန်က ပြောပါတယ်။
“သူတို့ အခုလက်ရှိ ရှိနေတဲ့ အစားအသောက်က ဒီလကုန်လောက်အထိပဲ ရှိမယ်ပေါ့နော်။ လကုန်လို့ ထပ်မရတော့ဘူးဆိုရင် သူတို့မှာ အစားအသောက် ဆန်ကအစ မရှိတော့ဘူးပေါ့။ နောက်တခု အရေးတကြီး လိုနေတာကကျတော့ ဆေးဝါးကုသမှုပေါ့။ ဘာလို့လဲဆိုတော့ တော်တော်များများက အခုလောလောဆယ်မှာ ငှက်ဖျားရယ်၊ ၀မ်းလျောဝမ်းပျက်တွေ ခံစားနေကြရတယ်။ ပြီးတော့ သန့်သန့်ရှင်းရှင်းနေနိုင်ဖို့ ရေလုံအိမ်သာ ဆောက်ပေးဖို့လည်း လိုတယ်။ အခုက မိုးကာလေးတွေနဲ့မိုးပြီး နေနေရတယ်ဆိုတော့ တော်တော်လေး လိုအပ်နေပါတယ်။”
ပြီးခဲ့တဲ့မေလအတွင်းက ဒေသခံအလှူရှင်တွေ၊ ချင်းပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီးနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က အကူအညီတချို့ ပေးခဲ့ပေမယ့် လုံလောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ နေထိုင်တဲ့ ကျေးရွာတွေက နေအိမ် အဆောက်အဦတွေ၊ စာသင်ကျောင်းတွေလည်း ပျက်စီးကုန်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ နေရာမှာပဲ ယာယီစာသင်ဆောင်လို ဆောက်လုပ်ပြီး ရွာဟောင်းက ကျောင်းဆရာ ဆရာမတွေနဲ့ပဲ ကလေးတွေက ပညာ ဆက်လက်သင်ယူနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားစဉ်က ပျဉ်စိုကျေးရွာသား ခူမီးအမျိုးသား ၁၀ ဦးကို ရက္ခိုင့်တပ်မတော်က ပေါ်တာဆွဲသွားပြီး ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သယ်ဆောင်ခိုင်းခဲ့တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင်တပ်မတော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားခြင်း မရှိသေးပါဘူး။
ရက္ခိုင့်တပ်မတော်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ရခိုင်ပြည်နယ် ဒေသစုံက ပြည်သူ ၃၁ ဦးကို အစိုးရတပ်က ဖမ်းဆီးထားပြီး မတရားအသင်းနဲ့ ဆက်နွယ်မှုနဲ့ ကျောက်တော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနေမှုအပေါ်မှာ ကန့်ကွက်ရှုတ်ချပြီး ရွာသူရွာသားတွေကို ကာကွယ်ပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မိုင်သင်းယုမွန်က တောင်းဆိုလိုက်ပါတယ်။
“တိုက်ပွဲဖြစ်ကြတယ်ဆိုရင်လည်းပဲ ရွာသူရွာသားတွေရဲ့ လုံခြုံရေးအတွက်က နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်ပေါ့လေ။ အခုကကျတော့ ဒီလို တိုင်းရင်းသား လက်နက်ကိုင်ဘက်ကနေ ပြန်ပြီး ကျူးလွန်သွားတဲ့ အချိန်မှာကျတော့ အမှန်က ဒီဟာတွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအောက်မှာ ဒါတွေက လုံးဝတားမြစ်ထားတဲ့ အရာတွေပေါ့လေ။ ဆိုတော့ ကျမတို့ ဖြစ်စေချင်တာက ဘယ်သူ ဘယ်ရာထူး အဆင့်ရှိတဲ့သူကပဲ ချိုးဖောက်ပါစေ အရေးယူပေးစေချင်တယ်ပေါ့။”
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်အတွင်းမှာ ကလေးငယ် ၁၄၀ ကျော် အပါအ၀င် လူပေါင်း ၃၅၀ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။











