
အမေရိကန်နဲ့ ဗင်နီဇွဲလားကို လေယာဉ်ပျံသန်းခွင့် ပိတ်ပင်ထားအပြီး ၇ နှစ်အကြာ ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ အမေရိကန် ခရီးသည်တင်လေကြောင်းပျံသန်းမှုတွေကို စတင်လိုက်ပြီး မိုင်ယာမီမှ ကာရာကတ်စ်ကို ပထမဆုံး အမေရိကန်လေကြောင်းလိုင်း လေယာဉ် ထွက်ခွာခဲ့ပါတယ်။
အမေရိကန်လေကြောင်းလိုင်းဟာ ဗင်နီဇွဲလားကို နေ့စဉ် ခရီးစဉ်တွေ ပြန်စနေပြီဖြစ်ပြီး ဒေသတွင်း အန်ဗွိုင်း လေကြောင်းလိုင်းခွဲကနေ အမ်ဘရေယာ 175 လေယာဉ်တွေနဲ့ ပြေးဆွဲပေးနေတာပါ။ မေ ၂၁ ရက်ကစပြီး ဒုတိယမြောက် နေ့စဉ်ခရီးစဉ်ကို ထပ်တိုးဖို့လည်း စီစဉ်ထားပါတယ်။
အစိုးရတာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ လိုက်ပါသွားတဲ့ ပထမဆုံးခရီးစဉ်ဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဆင်းသက်ဖို့ သတ်မှတ်ထားပါတယ်။
အခုစီစဉ်ထားတဲ့ နေ့စဉ်ခရီးစဉ်တွေဟာ စီးပွားရေး၊ အပန်းဖြေခရီးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တွေအတွက် အခွင့်အလမ်းတွေ ရလာစေမယ်လို့ ဆိုပါတယ်။
ကာရာကတ်စ်ကို ဦးတည်ပျံသန်းမဲ့ အမေရိကန်လေကြောင်းလိုင်း လေယာဉ်ဟာ လေယာဉ်မောင်း ခန်း ပြတင်းပေါက်ကနေ ဗင်နီဇွဲလားနဲ့ အမေရိကန်အလံတွေကို လွှင့်ထူပြီး မိုင်ယာမီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။
မြေပြင်မှာလည်း လေဆိပ်ဝန်ထမ်းတွေက အလံတွေဝှေ့ယမ်းပြီး လေယာဉ်ကို ဂိတ်ကနေ တွန်းထုတ် ပေးခဲ့ကြသလို မိုင်ယာမီ-ဒေ့ဒ် မီးသတ်ဌာနကလည်း ခရီးစဉ် စတင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရေပန်း တွေနဲ့ ပက်ဖျန်း နှုတ်ဆက်ခဲ့ကြပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်န် ဒပ်ဖီဟာ အမေရိကန်လေကြောင်းလိုင်းတွေကို ဗင်နီဇွဲလားဆီ ပျံသန်းခွင့် ပိတ်ပင်ထားတဲ့ ၂၀၁၉ ခုနှစ်က အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ညွှန်ကြားချက်အရ ဇန်နဝါရီလမှာ ပြန်ရုပ်သိမ်းပေးခဲ့တာဖြစ်ပြီး မတ်လမှာတော့ အမေရိကန် လေကြောင်းလိုင်းရဲ့ ပျံသန်းခွင့် တောင်းဆိုမှုကို ခွင့်ပြုပေးခဲ့တာပါ။
သယ်ယူပို့ဆောင်ရေး လုံခြုံရေးအဖွဲ့ (TSA) ဟာလည်း လေယာဉ်တွေ ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် လိုအပ်တဲ့ လေဆိပ်လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စစ်ဆေးဖို့ မတ်လအတွင်းက ကာရာကတ်စ်မြို့ကို သွားရောက်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်က ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ လေကြောင်းပျံသန်းမှု ခရီးစဉ်တွေ ပြန်စမဲ့အကြောင်း အမေရိကန်က ကြေညာခဲ့တာပါ။
၁၉၈၇ ခုနှစ်က ဗင်နီဇွဲလားမှာ စတင်လည်ပတ်ခဲ့တဲ့ အမေရိကန် လေကြောင်းလိုင်းဟာ အမေရိကန် က ၂၀၁၉ ခုနှစ်မှာ ပျံသန်းမှုကို ရပ်ဆိုင်းခြင်းမပြုခင်က ဗင်နီဇွဲလားနိုင်ငံမှာ အကြီးဆုံး အမေရိကန် လေကြောင်းလိုင်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ “ခရီးမသွားသင့်တဲ့ နိုင်ငံများစာရင်းထဲကနေ ဗင်နီဇွဲလားကို မတ်လမှာ ပြန်ပယ်ဖျက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ရာဇဝတ်မှု၊ ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှုနဲ့ ကျန်းမာရေး အခြေခံအဆောက်အအုံ ညံ့ဖျင်းမှု တွေကြောင့် ခရီးသွားဖို့ ပြန်စဉ်းစားရမယ်ဆိုတဲ့ အဆင့် လျှော့ပေါ့ထားတဲ့ သတိပေးချက်ကိုတော့ ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။
Source: Reuters










