
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို (၂-၁) ဂိုးနဲ့ အနိုင်ယူပြီးနောက် နှစ်ပေါင်း ၂၂ နှစ်တာ ကာလပတ်လုံး ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖလားကြီးကို ကိုင်မြှောက်ကာ အောင်ပွဲခံသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကတည်းက မန်စီးတီးပွဲ သရေရလဒ်ကြောင့် ချန်ပီယံဖြစ်ဖို့ သေချာခဲ့တဲ့ အာဆင်နယ်ဟာ အဝေးကွင်းမှာ ပဲလေ့စ်ကို ဂါဘရီရယ် ဂျေဆု၊ နိုနီမာဒူအေကီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ပွဲနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ပဲလေ့စ်အတွက် ချေပဂိုးကို မာတေတာက သွင်းယူခဲ့ပြီး ပွဲနှောင်းပိုင်း သွင်းဂိုးတဂိုးမှာတော့ VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ပဲလေ့စ်တို့ သရေကျခွင့် လွဲခဲ့ရပါတယ်။
ဒီပွဲမှာ အသက် ၁၆ နှစ်နဲ့ ၁၄၄ ရက်သာရှိသေးတဲ့ လူငယ်ကစားသမား မက်စ်ဒေါမန်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဂျေးဆုရဲ့ ဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။
အသင်းခေါင်းဆောင် အိုဒီဂတ်က ဒါဟာ ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ရတဲ့ လှပတဲ့အောင်မြင်မှုနေ့ တနေ့ဖြစ်ကြောင်း ပြောကြားခဲ့သလို၊ ဂန္ထဝင်ကစားသမား အီယန်ရိုက်ကလည်း ကစားသမားတွေအတွက် အထူးဝမ်းသာပီတိဖြစ်ရကြောင်း ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ လာမဲ့စနေနေ့မှာလည်း ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာကြောင့် နောက်ထပ် ဖလားတလုံးကိုပါ ထပ်မံမျှော်လင့်နိုင်ဦးမှာ ဖြစ်ပါတယ်။










